ရေနံချောင်း  ၁၄   ဧပြီ

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ ပျံကျဈေးတန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ လူစုလူဝေးမဖြစ်ပေါ်စေရန် သင်္ကြန်ကာလယာယီဈေးပိတ်ရက်ကျော်လွန်ပါက မြို့နယ်ပြည်သူ့အားက စားကွင်းတွင် ဧပြီ ၂၁ ရက်မှစတင်၍ နံနက် ၄ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အခြေခံစားသောက်ကုန်များ ရောင်းချနိုင်ရန် ပြောင်းရွေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင်ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

 

ယခုလက်ရှိတွင် ရေနံချောင်းမြို့မဈေးကြီးနှင့် ရတနာဈေးတို့ကို ဧပြီ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ ယာယီပိတ်ထားပြီး ဈေးသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လူစုလူဝေးများမဖြစ် ပေါ်စေရန် ရေနံချောင်းမြို့မဈေးနှင့် ရတနာဈေးပတ်ဝန်းကျင်ရှိ ပျံကျဈေးသည်များအား ဧပြီ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဈေးရောင်းချခြင်းများ မပြုလုပ်ရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဧပြီ ၁၃ ရက်နေ့ကထုတ်ပြန်ခဲ့ပြီး ယင်းနေ့ညဦးပိုင်းတွင် အဆိုပါပျံကျဈေးတန်း၌ ဈေးရောင်းဈေးဝယ်သူများဖြင့် လူစုလူဝေးများဖြစ်ပေါ်ခဲ့သည်။

 

ထိုသို့လူစုလူဝေးများ မဖြစ်ပွားစေရန် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ပျံကျဈေးတန်းအား ပြောင်းရွေ့ဖွင့်လှစ်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပျံကျဈေးရောင်းချမည့်သူစာရင်းများ ကောက်ယူ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အားကစားကွင်း မိုးလုံလေလုံခန်းမနှင့် အပြင်ဘက်တို့တွင် အကွက်ရိုက် တိုင်းတာ နေရာချထားခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

 

အဆိုပါပျံကျဈေးပြောင်းရွေ့ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ ဦးသိန်းလှ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ဆွေးနွေခဲ့ကြောင်း သိရသည်။

 

ကိုစိုးကြီး