ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြားလာနေရ စကားကတော့ စမတ်ဖုန်းနဲ့ ကွန်ပျူတာတွေကို အလွန်အကျွံ သုံးစွဲနေမိပြီ ဆိုတာပါပဲ။ အမေရိကန်နိုင်ငံရဲ့ စစ်တမ်းတစ်စောင်အရ လူတစ်ယောက်ရဲ့ ပျမ်းမျှ အင်တာနက်သုံးစွဲမှုဟာ တစ်နေ့မှာ ၁၁ နာရီ ရှိနေတယ်လို့ သိရပါတယ်။ စိတ်ပညာ နယ်ပယ်မှာတော့ အင်တာနက် စွဲလမ်းခြင်းပြဿနာ internet addiction disorder (IAD) ကို ရောဂါတခုအနေနဲ့တော့ မသတ်မှတ်ထားသေးပါဘူး။
ဒါပေမယ့် စိတ်ကုထုံးပညာရှင် အချို့ကတော့ အင်တာနက်စွဲလမ်းခြင်းဟာလည်း တခြားစွဲလမ်းခြင်း ပြဿနာတွေလိုပဲ ဂရုစိုက်ကုသသင့်တယ်လို့ အကြံပြုကြပါတယ်။
အင်တာနက်စွဲလမ်းခြင်ဟာ တခြားစွဲလမ်းခြင်းပြဿနာတွေလိုပဲ အကြောင်းအရင်း တခုတည်း ကြောင့်တော့ မဖြစ်ပေါ်ပါဘူး။ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်ပေါ်တတ်ပြီး တစ်ဦးနဲ့တစ်ဦးလည်း ကွာခြားတတ်ပါတယ်။
အလေ့အကျင့်နဲ့ စွဲလမ်းခြင်း ဘာကွာသလဲ
လူအားလုံးမှာ ပုံမှန်စွဲလမ်းစွာ လုပ်ဆောင်နေကြ အရာတွေရှိပါတယ်။ အဲဒီအရာတွေဟာ အန္တရာယ်မဖြစ် ဘေးဒုက္ခ မရောက်ရင် သိပ်ပြီးစိတ်ပူစရာ မလိုပါဘူး။ ဥပမာ ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာ နာရီ အနည်းငယ်လောက် ဗီဒီယိုဂိမ်းကစားခြင်းဟာ စွဲလမ်းမှုပြဿနာလို့ မဆိုနိုင်သေးပါဘူး။ ဒီနေရာမှာ အလေ့အကျင့် နဲ့ စွဲလမ်းမှုကို ခွဲခြားသိလာဖို့ လိုလာပါပြီ။
အလေ့အကျင့် ဆိုတာကတော့ ကျွန်တော်တို့ရဲ့ တစ်နေ့တာမှာ ပုံမှန်လုပ်နေကြအရာတခု ဖြစ်ပါတယ်။ ကောင်းတာရော ဆိုးတာပါ ရှိတတ်ပါတယ်။ ဥပမာ စားသောက်အပြီး ပန်းကန်များဆေးကြောခြင်းဟာ အလေ့အကျင့်ကောင်းဖြစ်ပြီး စိတ်ဖိစီးချိန်မှာ လက်သည်းကိုက်ခြင်းဟာ မကောင်းတဲ့ အလေ့အကျင့် ဖြစ်ပါတယ်။
စွဲလမ်းခြင်း ဆိုတာကတော့ အမူအကျင့်တခုခုကို နှစ်ခြိုက်စွာနဲ့ မလုပ်ရမနေနိုင် ဆောင်ရွက် လာတတ်ခြင်းပဲ ဖြစ်ပါတယ်။ မလုပ်ရမနေနိုင် စွဲလမ်းခြင်းဖြစ်လာရင်တော့ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
မနက်ခင်းကော်ဖီသောက်ချိန်မှာ မိနစ် ၂၀ လောက် ဖေ့စ်ဘွတ်သုံးခြင်းဟာ အလေ့အကျင့်လောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလောက်နဲ့ မရပ်နိုင်ဘဲ အလုပ်ချိန်အတွင်းရော အရေးကြီးတဲ့အရာတွေ လုပ်ဆောင်နေခြင်းကနေပါ အချိန်ဖဲ့ယူပြီး သုံးစွဲနေမယ်ဆိုရင်တော့ စွဲလမ်းခြင်းအဆင့် ဖြစ်လာပါပြီး။
ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်မလဲ
လေ့လာစိစစ်မှုတွေအရ အောက်ပါပြဿနာတွေ ကြုံနိုင်ပါတယ်။
–စိတ်ပြောင်းလဲခြင်း
– အွန်လိုင်းပေါ်က ဖြစ်ပျက်နေသမျှကို မိမိအနားမှာ ဖြစ်နေသလို စိုးရိမ်ပူပန်ခြင်း
– အွန်လိုင်းသုံးစွဲချိန်ကို မထိန်းချုပ်နိုင်ခြင်း
– စိတ်ကျေနပ်မှု တစ်စုံတစ်ရာရအောင် အွန်လိုင်းသုံးဖြစ်ခြင်း
– အွန်လိုင်းကို စိတ်ကျေနပ်အောင် မသုံးမိလျှင် စိတ်ကျခြင်း၊ အလိုမကျခြင်း
– မိမိပတ်ဝန်းကျင်နှင့် အဆင်မပြေတော့ခြင်း
ဘယ်လိုဖြေရှင်းမလဲ
အင်တာနက်ကို စွဲလမ်းနေပြီလို့ ယူဆရင် မိမိဖာသာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့တော့ရှိပါတယ်။ အောက်ပါအချက်များကို ကျင့်သုံးကြည့်ပါ။
ဖုန်း (သို့မဟုတ်) ကွန်ပျူတာကို နှိုးစက်သုံးပါ
သင် အွန်လိုင်းပေါ်မှာရှိနေချိန်ကို ကန့်သတ်နိုင်အောင် နှိုးစက်ပေးထားပါ။ နှိုးစက်မြည်တာနဲ့ အွန်လိုင်း သုံးတာကို ရပ်ပါ။ စမတ်ဖုန်းတချို့မှာ သတ်မှတ်ချိန်ပြည့်ရင် အလိုလိုရပ်သွားတဲ့ အပလီကေးရှင်းတချို့ ရှိပါတယ်။
လူမှုအဖွဲ့အစည်းနှင့် ထိတွေ့ပါ
လူမှုအဖွဲ့အစည်းနဲ့ ကင်းကွာတာကြောင့် လူမှုကွန်ရက်ပေါ်မှာပဲ အလွန်အကျူး မှီခိုလာသလို အွန်လိုင်းပေါ်မှာပဲ တစ်ချိန်လုံးနေတာကြောင့်လည်း မိတ်ဆွေအပေါင်းအသင်းများနဲ့ ဝေးကွာ လာရပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်မှာပဲ အချိန်မကုန်စေဘဲ ပြင်ပလောကရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်သင့်ပါတယ်။
စာဖတ်အသင်းဝင်ခြင်း၊ စေတနာ့ဝန်ထမ်းလုပ်ခြင်း စတာတွေဟာ မိမိရဲ့ လူမှုဝန်းကျင်နဲ့ စဉ်ဆက်မပြတ် ထိတွေ့စေမယ့် လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ အချိန်သိပ်မကုန်စေတော့ဘဲ သင့်ကိုလည်း အထီးကျန်စေတဲ့ ခံစားချက်တွေ လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်နှင့် ထိတွေ့ပါ
သင် အွန်လိုင်းသုံးနေကြအချိန်ထဲက ဖဲ့ပြီး သစ်ပင်ပန်းပင်များ စိုက်ပျိုးပါ။ မြေနေရာရှိရင် ရသလောက် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးပါ။ အပင်များကို နေ့စဉ်ရေလောင်းပါ။ နေရာမရှိတဲ့ တိုက်ခန်းများ နေအိမ်များမှာဆိုရင်လည်း ပန်းအိုးလေးများ၊ ပန်းခြင်းလေးများ ချိတ်ဆွဲ စိုက်ပျိုးပါ။
တရားထိုင်ပါ
အွန်လိုင်းပေါ်မှာ အချိန်ကုန်ခြင်းဟာ တကယ်တော့ သင့်ဦးနှောက်ကို နွမ်းနယ်စေပါတယ်။ အွန်လိုင်း သုံးတဲ့ အချိန်ကို လျှော့ပြီး တရားထိုင်ပေးရင် သင့်စိတ်ကို ပြန်လည်လမ်းဆန်းစေမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း စိတ်ငြိမ်းချမ်းမှုကို ဖြစ်စေမယ့် တခြား ဘာသာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်ပါ။
ကျွမ်းကျင်သူများထံ တိုင်ပင်ပါ
တကယ်လို့ အွန်လိုင်းစွဲလမ်းမှုပြဿနာကို မိမိဖာသာ မဖြေရှင်းနိုင်ရင် စိတ်ကုထုံးပညာရှင်များလို ကျွမ်းကျင်သူတွေဆီမှာ ဖွင့်ဟတိုင်ပင်သင့်ပါတယ်။ ကြုတွေ့ရတဲ့ ပြဿနာတူသူပြီး အတူတကွ ဖြေရှင်းဖို့များ အုပ်စုဖွဲ့ထားတဲ့ အဖွဲ့ငယ်လေးများမှာလည်း ပါဝင်ပြီး အဖြေရှာသင့်ပါတယ်။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”