တနင်္သာရီ ၁၅ ဧပြီ
မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ဧပြီလ ၁၃ရက် ညနေ၆နာရီခွဲခန့်က မိုးသည်းထန် စွာ ရွာသွန်းမှု နှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အရှေ့မော်တုန်းကျေးရွာ အုပ်စု - အရှေ့မော်တုန်းရွာနေ ဦးသားချို၏ နေအိမ်အတွက် ဧပြီလ ၁၄ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဦးကျော်ဆန်းက အိမ်ဆောက် ပစ္စည်းတန်ဖိုးငွေ တစ်သိန်းကျပ်၊ ဆန်ဖိုး(၇)ရက်စာထောက်ပံ့ငွေ မိသားစုဝင်သုံးဦးအား ငွေကျပ် (၆၃၀ဝ)နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုးပါဝင်သည့် သေတ္တာပုံးတစ်လုံးတို့ကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ (ကိုယ်စား) တပ်ဖွဲ့ဝင် ဆန်းလင်းထိုက်နှင့် တပ်ဖွဲ့ဝင်(၃)ဦးတို့မှ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်း (တစ်လစာအတွက်)တစ်ပုံး၊ အမျိုးသမီးများ ဂုဏ်သိက္ခာထိန်း ပစ္စည်းတို့ကို လည်းကောင်း အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရှိရသည်။
အဆိုပါနေအိမ်သည် အလျား(၁၂)ပေ၊ အနံ(၁၀)ပေ၊အမြင့်(၁၀)ပေရှိပြီး ဓနိမိုး၊ထရံကာ၊ ပျဉ်ခင်း၊ သစ်တိုင် အမျိုးအစား ဖြစ်သည်။ မိသားစုဝင် အသက်(၁၂)နှစ်အောက်ကျား(၁)ဦး၊ မ(၁)ဦး၊ (၁၂)နှစ်အထက် ကျား(၁)ဦး…စုစုပေါင်း မိသားစု(၃)ဦးရှိ၍ နေအိမ်ပြိုကျစဉ်က နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ယာယီပြောင်းရွှေ့ နေထိုင်ကြသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


