ငါ့သရောက် ၁၅ ဧပြီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ငါးရက်တစ်ကြိမ် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဗိုလ်ချိုဈေးအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ စောင့်ကြည့်ရေး ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ဧပြီ ၁၅ ရက် နံနက်ပိုင်းမှစတင်ကာ ပိတ်ထားမည်ဖြစ်ကြောင်း ငါ့သရောက်မြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းထံက သိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ စောင့်ကြည့်ရေးကော်မတီက ငါ့သရောက်မြို့ ငါးရက်တစ်ပတ်ရောင်းချသည့် ဗိုလ်ချိုဈေးအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကော်မတီကဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသည် ပိုမိုထိရောက်ကြောင်း၊ ငါ့သရောက်မြို့တွင် မြို့ပေါ်လေးရပ်ကွက်နှင့် ကျေးရွာ ၁၅ အုပ်စု၊ ၃၂ နှစ်ရွာရှိပြီး ငါးရက်တစ်ပတ်ဈေးအား အဓိကမီခိုအားထားနေရသည့် မြို့ဖြစ်ကာ ဗိုလ်ချိုဈေးပိတ်ထားခြင်းဖြင့် ဒေသခံပြည်သူများ အခက်အခဲရှိနိုင်သော်လည်း ကူးစက်ရောဂါ ကြိုတင် ထိန်းချုပ်၊ ကာကွယ်၊ စောင့်ကြည့်ရမည့် အချိန်ဖြစ်သည့်အတွက် နယ်သူနယ်သား ဒေသခံပြည်သူများလည်း နားလည်ပေးလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ငါ့သရောက်မြို့ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမြင့်မောင် ရှင်းပြသည်။
ငါ့သရောက်မြို့ ဗိုလ်ချိုဈေးအား ရက်အကန့်သတ်မရှိပိတ်ထားပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ အေးချမ်းသွားသည့်အခါ ပြန်ဖွင့်မည့်ရက်အား ကြိုတင်ကြေညာ အသိပေးသွားမည်ဖြစ်ကြောင်းနှင့် ငါ့သရောက်မြို့သူမြို့သား၊ နယ်သူနယ်သားများ အတတ်နိုင်ဆုံး အိမ်တွင်နေခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကာ မဖြစ်မနေ အပြင်ထွက်ရသည့်အခါတိုင်း အကာအကွယ် နှာခေါင်းစည်းများ တပ်ဆင်သွားခြင်းဖြင့် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း ငါ့သရောက်မြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက အကြံပြုပြောကြားသည်။
ကိုထိန်(ငါ့သရောက်)