မန္တလေး ၁၅ ဧပြီ

 

မန္တလေးမြို့တွင် မြန်မာနှစ်ဆန်း ၁ ရက် (ဧပြီ ၁၇ ရက်)နေ့ နောက်ပိုင်းမှစ၍ Mask တပ်ဆင်ထားခြင်းမရှိဘဲ ပြင်ပ၌ သွားလာနေသူများ တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

 

လက်ရှိတွင် အဆိုပါအစီအစဉ် မစတင်မီအချိန်၌ မန္တလေးမြို့တွင်းရှိ အသွားအလာများပြားပြီး အချက်အချာကျသည့်နေရာများ၌ ပြန်လည်လျှော်ဖွတ်၍ အသုံးပြုနိုင်သည့် ပြည်တွင်းဖြစ် Homemade Mask များ ဖြန့်ဝေပေးနိုင်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဈေးအကျိုးတော်ဆောင်များ၊ အထည်အလိပ်ကုန်သည်များ၊ အလှူရှင်များ၊ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းတို့နှင့် ပူးပေါင်းကာ Mask အမြောက်အမြား ချုပ်လုပ်လျက်ရှိကြောင်း သိရသည်။

 

‘လူတိုင်းကို ပြောချင်တာက ဒီရောဂါက ငါမှာတော့ မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ ပေါ့ဆပြီး မနေစေချင်ပါဘူး။ ဒီရောဂါက လူတိုင်းမှာ ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေ သိပ်ကိုများတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း အတိအကျ လိုက်နာပြီး ကိုယ်တိုင်လည်း ကာကွယ်စောင့်ရှောက်ရမယ့်အပြင် ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်နိုင်ငံကိုလည်း ကာကွယ်စောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ လက်ရှိအခြေအနေမှာ ဒီရောဂါကပ်ဘေးကြီးကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေကြရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီရောဂါကပ်ဘေးကြီးကို ရင်ဆိုင်နေရပေမယ့် ကျွန်တော်တို့ နိုင်ငံသားတွေက ညီညီညွတ်ညွတ် စည်းကမ်းရှိရှိနဲ့ ကာကွယ်နေတဲ့အတွက် ရောဂါဒဏ်ကို အခြားနိုင်ငံတွေလောက် ဆိုးဝါးစွာ မခံစားရပါဘူး။ ဒါကြောင့် လာမယ့် နှစ်သစ်မှာ စည်းလုံးခြင်း၊ ညီညွတ်ခြင်းနဲ့အတူ ဒီရောဂါကပ်ဆိုးကြီးကို ဖြတ်ကျော်ပြီး ရွှေရောင်လွှမ်းတဲ့ အနာဂတ်ကို စုပေါင်းတည်ဆောက်ကြပါစို့လို့ တိုက်တွန်းချင်ပါတယ်’ ဟု ၎င်းက ပြောသည်။

 

လက်ရှိကာလတွင် မန္တလေးမြို့တော်အတွင်းရှိ စည်ပင်ဈေး၊ ပျံကျဈေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းကာ Mask များတပ်ဆင်ရန် စည်းရုံးပြောဆို၍ အခမဲ့ဝေငှခြင်း၊ Mask မတပ်ဆင်ထားသူများအား ဈေးအတွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)