ထန်းတပင် ၁၅ ဧပြီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကျေးရွာနေပြည်သူများအား ရောဂါကူးစက်မှု မဖြစ်ပွားစေရေးတို့အတွက် မြို့နယ်အတွင်းရှိ ကျေးရွာ (၆)ရွာတို့တွင် နှာခေါင်းစည်း Mask အခု ၁ဝဝဝ ကို ဧပြီ ၁၅ ရက် နံနက်ပိုင်းက အခမဲ့ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
နှာခေါင်စည်း Mask လှူဒါန်းမှုများကို အေးမြို့ကျေးရွာ၊ ထိန်ကုန်းကျေးရွာ၊ တူးချောင်းကျေးရွာ၊ အစုကြီးကျေးရွာ၊ စန္ဒယော်ကျေးရွာနှင့် ထိန်နှစ်ပင်ကျေးရွာတို့ရှိ ကျေးရွာနေပြည်သူများနှင့် ကျေးရွာများတွင် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများအား တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးမှ နှာခေါင်းစည်း အခု ၁ဝဝဝ ကို အခမဲ့ဖြန့်ဝေလှူဒါန်းပေးခြင်းဖြစ်ပြီး ဧပြီ ၁၄ ရက်ကလည်း ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask အခု ၁ဝဝဝ ကို တက်သစ်ကျေးရွာ၊ တက်ရွာကျေးရွာနှင့် ပန်းတိုင်ကျေးရွာ နေပြည်သူများကို အခမဲ့ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် အခြေခံစားသောက်ကုန် ငါးမျိုးဖြစ်သည့် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်(၁)ပိဿာတို့ကို နိုင်ငံတော်အစိုးရကိုယ်စား တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်တာဝန်ရှိသူများက ကျေးရွာများသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကျေးရွာနေပြည်သူများနှင့် ကျေးရွာတာဝန်ရှိသူများထံသို့ နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)