ဘုတလင် ၁၆ ဧပြီ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အခြေခံစားသောက် ကုန်ပစ္စည်း(၅)မျိုးကို ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအားလုံးထံသို့ ထောက်ပံ့ ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်အခြေခံစားသောက်ကုန်ပစ္စည်းများ လက်ခံရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။

ဘုတလင်မြို့နယ်တွင် ဧပြီလ(၁၂)ရက်မှ (၁၅)ရက်အထိ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ပြီး ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၄)အုပ်စုရှိ အိမ်ထောင်စုပေါင်း(၁၃၀၇၁)စုထံသို့ အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုး ဖြစ်သည့် ဆန်တစ်တင်းခွဲအိတ်(၄၃၅၇)အိတ်၊ ဆီ(၆၅၃၅ ဒသမ ၅) ပိဿာ၊ ပဲ(၁၃၀၇၁)ပိဿာ၊ ကြက်သွန်(၁၃၀၇၁)ပိဿာနှင့် ဆား(၆၅၃၅ ဒသမ ၅)ပိဿာကို လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်မိုးလွင်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကျေးစာရေးများက အခြေခံလူတန်းစား အိမ်ထောင်စုဝင်များ လက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့ကြသည်။

အလားတူ ဘုတလင်မြို့နယ်ရှိ အုတ်ကျင်းကျေးရွာမှ အိမ်ထောင်စု(၂၂)စုနှင့် ကန်တော်သာကျေးရွာမှ အိမ်ထောင်စု(၃၇)စုတို့က ပြန်လည်လှူဒါန်းခဲ့သည့် ဆန်(၂၉ ဒသမ ၅)တင်း၊ ဆီ(၂၉ ဒသမ ၅)ပိဿာ၊ ပဲ(၅၉)ပိဿာ၊ ကြက်သွန်(၅၉)ပိဿာနှင့် ဆား(၂၉ ဒသမ ၅)ပိသာကိုလည်း မြို့နယ်အတွင်းရှိ ကနဦး စာရင်းတွင် မပါရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု(၅၉)စုထံသို့ ဆက်လက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)