ဒေးဒရဲ ၁၆ ဧပြီ 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့သော အခြေခံစားသောက်ကုန်များ ဖြစ်သည့်  ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ (၅)မျိုးတို့ကို ဧပြီလ ၁၁ ရက်နေ့မှစ၍ အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိရာ ယမန်နေ့က ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၁)ရွာမှ  အိမ်ထောင်စုပေါင်း (၄၉၄၄)စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ စသည့် အခြေခံစားသောက်ကုန် (၅)မျိုးစီတို့ကို အဆိုပါကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၉၀)အုပ်စုရှိပြီး ဒေးဒရဲတစ်မြို့နယ်လုံးတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း (၂၀၆၉၃)စုရှိရာ ဆက်လက်ထောက်ပံ့ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာ (၁၈)ရွာနှင့် အိမ်ထောင်စု (၅၁၉၇)စုတို့အား အခြေခံစားသောက်ကုန်(၅)မျိုးကို အဆိုပါ အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ယနေ့အပြီး ဆက်လက်‌ ထောက်ပံ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)