မိတ္ထီလာ   ၁၆    ဧပြီ 

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၃၈၀ ရွာသို့ ဧပြီလ ၁၈ ရက်နေ့က စတင်ပြီးအခြေခံစားသောက်ကုန်များကို မူရင်း ဈေးနှုန်းဖြင့် မိတ္ထီလာဒေသခံပရဟိတ လူငယ်များအဖွဲ့ နှင့် အက်ရှင်အေ့ဒ်မြန်မာ ( မိတ္ထီလာ) တို့ပူးပေါင်း၍ အရောက်ပို့ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မိတ္ထီလာမြို့နယ်အတွင်းမှာ ရှိတဲ့ကျေးရွာပေါင်း ၃၈၀ ကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နဲ့ ချိတ်ဆက်အကူအညီရယူပြီး မူရင်းဈေးနှုန်းနဲ့ပဲ အခြေခံစားသောက်ကုန်တွေကို ကျေးရွာအရောက် ပို့စနစ်နဲ့ ဧပြီ ၁၈ ရက်နေ့ မြန်မာနှစ်ဆန်းရက်နေ့က စတင်ပြီး ရောင်းချပေးသွားမှာဖြစ်ပါတယ်။     ဆန် ၆ ပြည်    ၊ ဆီ ၅၀ ကျပ်သား ၊ ကြက်သွန် တစ်ပိဿာ ၊ ငါးသေတ္တာ ၄ ဘူး တို့ကို မူရင်းကျသင့်ဈေးနှုန်း တစ်သောင်းနှစ်ထောင်ကျပ်နဲ့ ကျေးရွာတွေအရောက်ပို့ဆောင် ရောင်းချပေးမှာဖြစ်ပါတယ်။ ဒီလိုရောင်းချပေးတဲ့ရည်ရွယ်ချက်က  ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလအတွင်းမှာ မြို့မဈေးကြီးနဲ့မြို့ပေါ်ဈေးတွေကို ကျေးလက်ဒေသခံတွေ  စုစုရုံးရုံးနဲ့ဈေးလာဝယ်တာမျိုးမဖြစ်ရအောင်ရယ် ၊ တချို့လူတွေက အခြေခံစားသောက်ကုန်တွေ ဝယ်ယူစုဆောင်းကြတဲ့အခါ ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ကြောင့် ကုန်ဈေးနှုန်းလျော့ကျစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်”ဟု      မိတ္ထီလာဒေသခံ ပရဟိလူငယ်များအဖွဲ့တာဝန်ခံ မချိုမီမီမွှေး က ပြောသည်။

ဆက်လက်၍ အက်ရှင်အေ့ဒ်မြန်မာ ( မိတ္ထီလာ ) စီမံကိန်းအရာရှိ ဦးတိုးတိုးက “အရောက်ပို့ရောင်းချပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ ရှင်းပြသည်။ ကျေးရွာ ၃၈၀ က ဒေသခံတွေအနေနဲ့ အရောက်ပို့စနစ်နဲ့ မူရင်းဈေးနှုန်း အတိုင်းရောင်းချပေးမယ့်အခြေခံစားသောက်ကုန်တွေကို မှာယူချင်တယ်ဆိုရင် ဖုန်းနံပါတ် ဝ၉-၄၄၉၀ဝ၃၄၄၄ ၊ ဝ၉-၂၅၆၅၅၀၅၀၈၁၊ ဝ၉-၇၉၇၉၅၁၆၂၂ တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာကျေးရွာ ရာအိမ်မှူး၊  အုပ်စုအုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ပြီးတစ်ပတ်တစ်ကြိမ်အရောက်ပို့ဆောင်ပေးမှာပါ။ အက်ရှင်အေ့ဒ်မြန်မာ ( မိတ္ထီလာ) အနေနဲ့  အခုလို့ ကျေးရွာအရောက်ပို့စနစ်နဲ့ ရောင်းချပေးတဲ့နေရာမှာ စေတနာ့ဝန်ထမ်း မိတ္ထီလာဒေသခံပရဟိတလူငယ်အဖွဲ့ကို သွားရောက်ပို့ဆောင်တဲ့ခရီးစရိတ်ကုန်ကျတာ၊ တစ်နေ့တာ စားသောက်ရေး၊ သူတို့အတွက် အကာအကွယ် Face Mask တွေ၊ လက်ဆေးဆပ်ပြာရည်၊ ပိုးသတ်စပရေးဘူးတွေ၊ PPE လို ဝတ်စုံတွေကို ထောက်ပံ့ကူညီပေးသွားမှာဖြစ်ပါတယ်ဟု  ၎င်းကပြောသည်။ 

မိတ္ထီလာမြို့နယ်တွင် ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၅၈ အုပ်စု ကျေးရွာပေါင်း  ၃၈၀ ရှိပြီး ယခုအခြေခံစားသောက်များကို မူရင်းဈေးနှုန်းအတိုင်း အရောက်ပို့စနစ်ဖြင့် ရောင်းချပေးမည့် အစီအစဉ်များကို ကျေးလက်ဒေသများအတွက်သာ ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ)