ရန်ကုန် ၁၆ ဧပြီ
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် သင်္ကနြ်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း အိမ်ထဲမှာနေထိုင်ကြရန် သတ်မှတ်လိုက်ပြီးနောက်ပိုင်း ဒလမြို့နယ်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းများအနေဖြင့် ဧပြီ ၁၁ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ ပြေးဆွဲခြင်းမရှိဘဲ တက္ကစီကား အစီးရေ(၂၀)ခန့်ဖြင့် ခရီးသွားမိဘပြည်သူများ အဆင်ပြေစေရေးအတွက် ခရီးသည်အနည်းကိုသာ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ဒလမြို့နယ်ရုံးခွဲမှ သိရသည်။
ဒလမြို့နယ်သင်္ဘောဆိပ်အနီးရှိ ကားလေးဂိတ်၌ ယနေ့ ၁၆ ရက်နေ့တွင် ဒလ-တွံတေး ပြေးဆွဲပေးနေသော YBS ၄၈ တက္ကစီကားလေး (၉)စီး၊ ကွမ်းခြံကုန်-လှိုင်သာယာ ပြေးဆွဲနေသော YBS ၄၉ တက္ကစီကားလေး (၃)စီး၊ ကွမ်းခြံကုန်း-ဒလ ပြေးဆွဲနေသော YBS ၅၀ တက္ကစီကားလေး(၂) စီး ၊ တွံတေး-လှိုင်သာယာ ပြေးဆွဲပေးနေသော YBS ၄၇ တက္ကစီကားလေး (၆)စီး၊ စုစုပေါင်း အစီး ၂၀ တို့ဖြင့် ခရီးသည်အနည်းငယ်ကို ပြေးဆွဲလျက်ရှိပြီး၊ အဝေးပြေး ယာဉ်လိုင်းများအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းများနှင့်၊ ရန်ကုန်တိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းများအနေဖြင့် ဧပြီလ ၁၁ ရက်နေ့က စတင်ပြီး ယနေ့အချိန်ထိ ပြေးဆွဲခြင်းမရှိသေးကြောင်း YRTA ဒလမြို့နယ်ရုံးခွဲ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သတင်းနှင့်ဓါတ်ပုံ-နိုင်လင်းကျော်(ဒလ)