ရေကြည်   ၁၆  ဧပြီ  

 

ဧရာဝတီတိုင်းဒေသကြီး  ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှစတင်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရေကြည်မြို့နယ်  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမင်းခိုင်ဝင်းနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ရေကြည် မြို့မစျေးအတွင်းနှင့် ပိတောက်ချောင်လမ်းဆုံတို့၌ မလိုအပ်ပဲ အိမ်ပြင်သို့မထွက်ရန်၊ အိမ်ပြင်ထွက်ပါက Mask  စနစ်တကျ တပ်ဆင်တတ်ရန်၊ စျေးရောင်းသူနှင့် စျေးဝယ်သူများ အနည်းဆုံး သတ်မှတ်ပေးထားသည့် အကွာအဝေးမှ ဈေးဝယ်ရန်၊ လက်ကိုမကြာခဏ စနစ်တကျဆေးရန်နှင့် Mask တပ်မလာသူများကို Mask များဝေငှ၍ စနစ်တကျ တပ်စေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


    
ရေကြည်မြို့မစျေးအတွင်းရှိ  ပျံကျစျေးသည်များအား  ၁၂  ပေအကွာ စနစ်တကျ ရောင်းချကြရန်နှင့် ဆိုင်နေရာများ ကို တာဝန်ရှိသူများက သတ်မှတ်ပေးခြင်း၊ နှာခေါင်းစီးများဖြန့်ဝေခြင်း၊ စျေးဝယ်သူပြည်သူများကို နှာခေါင်းစီးများ တပ်ဆင်ရန်  လိုက်လံသတိပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေချောမွေ့စေရန် သားငါးနှင့် ဟင်းသီးဟင်းရွက်များ၊ ပျံကျစျေးသည်များအား ငါးသိုင်းချောင်းမြို့ ပြည်သူ့အားကစားကွင်းတွင် ဆိုင်ခန်းအကွက်များစီစဉ်၍ ယာယီဈေးဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး နောက်နှစ်ရက်အတွင်း ဖွင့်လှစ်ရောင်းချပေးသွားနိုင်ရန် စုပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ဆန်းတင့်(ရေကြည်)