မင်းဘူး ၁၆  ဧပြီ        

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြောက်လှည်းကောက် အဝိုင်းပတ်တွင် ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မိဘပြည်သူများထံ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


    
“ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ Hand Speaker တွေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်လျက်ရှိတဲ့ ညွှန်ကြားချက်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ ကြေညာချက်များနဲ့ မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြဖို့၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကိုလိုက်နာကြဖို့၊ အသိပညာပေးခြင်းနဲ့   နှာခေါင်းစည်းတွေကို မိဘပြည်သူများထံ အခမဲ့ဖြန့်ဝေ ပေးခဲ့ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ပြောပါသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်စွမ်းရည်နှင့် ဦးကျော်ငွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်း၊ မြို့နယ်ရဲမှူး ယာယီရဲမှူး အောင်ကြည်မြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးဝင်းနိုင်၊ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးစိန်ထွန်း၊ မြို့မစခန်းမှူး ဒုရဲမှူးမြင့်ဇော်၊ ယာဉ်ထိန်းရဲတပ်စုမှူး ဒုရဲမှူး မောင်မောင်သန်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မီးသတ်တပ်အဖွဲ့ဝင် စုစုပေါင်းအင်အား ၅၀ ဦးခန့်က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။   


    
ဆက်လက်၍ တာဝန်ရှိသူများက စကုမြို့အဝင် နာရီစင်ရှေ့တွင် မင်းဘူး - စကု ကားလမ်း တစ်လျောက် သွားလာလျက်ရှိသော မိဘပြည်သူများအား နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

 

မောင်မောင် (မင်းဘူး)