နေပြည်တော် ၁၆ ဧပြီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးရန် မြန်မာနိုင်ငံသို့ (၈-၄-၂၀၂၀) ရက်နေ့မှ စတင်ရောက်ရှိခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် (၁၂) ဦးပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ ဆေးရုံ အုပ်ကြီးများ၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ဓာတ်ခွဲပညာရှင်ကြီးများ၊ သုတေသန ပညာရှင်ကြီးများ၊ တိုင်းရင်းဆေး ပညာရှင်ကြီးများ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အတွေ့အကြုံဝေမျှ ဆွေးနွေးမှုများသည် မြန်မာနိုင်ငံအတွက် အထူးအကျိုးရှိစေမည်ဖြစ်ပါကြောင်း၊
• အမှန်တကယ် လိုအပ်သောအချိန်တွင် လိုအပ်သည့် ပံ့ပိုးမှုများပေးခြင်းနှင့် ဆေးနှင့်ဆေး ပစ္စည်းများ ပေးအပ်ခြင်းတို့ အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့အား ကျေးဇူးတင်ရှိပါကြောင်း၊
• ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဆောင်ရွက်ခဲ့သော လက်တွေ့ လုပ်ငန်းအတွေ့အကြုံများနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့သို့ လာရောက် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ရှိချက်များအား ပေါင်းစပ်ကာ အကြံပြုချက်များ ပေးအပ်ခြင်းဖြစ်သဖြင့် အထူးအသုံးဝင်မည် ဖြစ်ပါကြောင်း၊
• ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် မြန်မာနိုင်ငံဆေးပညာရှင်များသည် ယခု COVID-19 ဖြစ်စဉ် အတွက်သာမက အခြားကျန်းမာရေး လုပ်ငန်းကိစ္စရပ်များအတွက်ပါ ကွန်ရက်ချိတ်ဆက်၍ ဆက်လက်ဆောင်ရွက် စေလိုပါကြောင်း၊
• ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာ-တရုတ် ချစ်ကြည်ရေးကို ပိုမိုမြင့်မားစေပြီး အပြန်အလှန်ကူညီမှု တို့ကို ပြသနေခြင်းပင် ဖြစ်ပါကြောင်း၊
• ယခုတွေ့ဆုံရာတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များအဖွဲ့အနေဖြင့် အကြံပြုချက်များအား ပွင့်လင်းပြတ်သားစွာ ပေးအပ်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ Video Conferencing စနစ်ဖြင့် တက်ရောက်သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai က
• မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော မိမိအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ကြိုးပမ်းအားထုတ်ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အစိုးရမှ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နေမှုများအား တွေ့မြင်သိရှိနေပါကြောင်း၊
• မိမိတို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှုသည် နက်ရှိုင်းပြီး အေးအတူပူအမျှ အသိုက်အဝန်းအဖြစ် တည်ဆောက်နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ပါကြောင်း၊
• မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်းကာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ အဖွဲ့က -
• အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဓာတ်ခွဲစစ်ဆေးမှုများအား လေ့လာပံ့ပိုးခဲ့မှု၊
• ဝေဘာဂီအထူးကုဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီး၊ ကန်တော်နဒီဆေးရုံများတွင် ကုသရေးလမ်းညွှန်များ အသုံးပြုဆောင်ရွက်နေမှုအား လေ့လာခဲ့မှုနှင့်
• တိုင်းရင်းဆေးရုံ (ရန်ကုန်)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)နှင့် တိုင်းရင်းဆေးတက္ကသိုလ် တို့သို့ သွားရောက်၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့မှုများကို လည်းကောင်း၊
• အများပြည်သူသုံးနေရာများတွင် ရောဂါမပြန့်ပွားစေရေး ဆောင်ရွက်ခဲ့မှု၊ ဆေးရုံများတွင် တစ်ဦးမှ တစ်ဦး ရောဂါကူးစက်ခြင်း မဖြစ်စေရေး တင်းကျပ်သည့် စည်းကမ်းများဖြင့် ဆောင်ရွက်ခဲ့မှု၊
• ကုသမှုကုထုံးဆိုင်ရာ သုတေသနများ၊ ရောဂါကာကွယ်ဆေးဆိုင်ရာ သုတေသနများ ဆောင်ရွက်နေမှု အတွေ့အကြုံ များကို မျှဝေပြီး လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည့် အကြံပြုချက်များပေးအပ်မှု၊
• သုတေသနများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဝေမျှပေးမည့် အစီအစဉ် စသည်တို့ကို ပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက -
• ရောဂါကာကွယ်ရေးဆိုင်ရာ၊ ဆေးရုံပိုင်းဆိုင်ရာ၊ ကုသရေးဆိုင်ရာ၊ ဓာတ်ခွဲစစ်ဆေးရေးဆိုင်ရာနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးမေးမြန်းခဲ့ပြီး ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေးပွဲမှ အကြံပြုချက်များကို မိမိတို့လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးချဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊
• မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် လက်ကိုင်အသံချဲ့စက်ငယ်များဖြင့် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများ ကိုလည်း ထပ်ခါထပ်ခါ ဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊
• ရောဂါဖြစ်ပွားသူများအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးဆွေးနွေးမှုများလည်း ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊
• တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဆောင်ရွက်ထားရှိသော သုတေသနများသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးရှိ စေမည်ဖြစ်ပါကြောင်း၊
• မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်မှုဖြင့် ဆက်လက်၍ အနီးကပ်ပူးပေါင်းကာ COVID-19 ကပ်ရောဂါကို ကျော်လွှားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအဖွဲ့အား ကျေးဇူးတင် ဂုဏ်ပြုလွှာပေးအပ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့တွင် ကုသရေး ဆေးပညာရှင် (၆) ဦး၊ အထက်တန်းသူနာပြု (၁) ဦး၊ ဓာတ်ခွဲဆိုင်ရာပညာရှင် (၂) ဦး၊ တိုင်းရင်းဆေးပညာရှင် (၂) ဦးနှင့် နယ်စပ်ရေးရာ ကိုယ်စားလှယ် (၁) ဦးတို့ပါဝင်ပြီး (၈-၄-၂၀၂၀) ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်စဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းသည့် တရုတ်ယွမ်ငွေ (၄,၃၃၇,၃၃၄.၂၅) တန်ဖိုးရှိ ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ ဓာတ်ခွဲကိရိယာများ၊ စက်ပစ္စည်းများကို တစ်ပါတည်း သယ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်