မကွေး ၁၇  ဧပြီ

 

မကွေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူထူထပ်လွန်းသော မင်္ဂလာဈေးရှိ အခွန်လွတ်ဈေးကို မြသလွန်ဘုရားကွင်းသို့ ဧပြီ ၁၈ ရက် နံနက် ၄ နာရီတွင် စတင်ပြောင်းရွှေ့ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးဖိုးနီထံမှ သိရသည်။

 

" ဒီဈေးက မနက်ဆို ဆိုင်ကယ်က လေးရာ၊ငါးရာလောက် ရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးက သတင်း ပို့တယ်။ လူထုကလည်း လက်မခံချင်ဘူး။ ကိုဗစ်ပြန့်လို့ ကူးရင် သူ့မကယ်နိုင် ကိုယ့်မကယ်နိုင် ဖြစ်ကုန်ကြမှာ။ ဒါ့ကြောင့် အစည်းအဝေးထိုင်ပြီး ဘုရားကွင်းမှာ ပြောင်းဖို့ ဆုံးဖြတ်လိုက်တာပါ '' ဟု ဦးဖိုးနီက ပြောသည်။

 

စည်ပင်ကော်မတီ နှင့် တာဝန်ရှိသူများက မြေနေရာ ၊ ဆိုင်ခန်းနေရာများ တိုင်းတာသတ်မှတ်လျက်ရှိပြီး ဆိုင်ခန်း တစ်ခန်းလျှင် ၁၀  ပေပတ်လည်အကျယ် ၊ လူသွားလမ်း ဆယ်ပေအကျယ်ဖြင့် ဆိုင်ခန်း နေရာပေါင်း ၂၀၄ ကွက်ကို သတ်မှတ်ခွင့်ပြုပေးသွားမည်ဖြစ်သည်။

 

ဈေးသည်များအနေဖြင့် မင်္ဂလာ ဈေးခေါင်းရုံးတွင် စုံစမ်းရမည်ဖြစ်ပြီးနေရာများကို ဦးစားပေးစနစ် /မဲစနစ်ဖြင့် သတ်မှတ်ချထားပေးမည်ဖြစ်ကြောင်း ၊ အခြားဈေးများမှ လာရောက်ရောင်းချလိုပါကလည်း ဒုတိယဦးစားပေးအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းစည်ပင်ကော်မတီမှ သိရသည်။

 

ပြောင်းရွှေ့ရမည်ကို မကျေနပ်သည့် ဈေးသည်အချို့ရှိသော်လည်း ယခုကိစ္စမှာ ပြည်သူအားလုံး၏ မျက်နှာကို ကြည့်ရမည်ဖြစ်ကြောင်း ဦးဖိုးနီက ဆိုသည်။

 

ယခုပြောင်းရွှေ့မည့် အခွန်လွတ်ဈေးမှာနံနက် ၂ နာရီဝန်းကျင်ကတည်းက စတင်စည်ကားလေ့ရှိပြီး စက်ဘီး၊ ဆိုင်ကယ်ပေါ်တွင် ဈေးတောင်းတင်ကာ ရပ်ကွက်၊ကျေးရွာအနှံလှည့်လည်ရောင်းချမည့် ရွေ့လျားဈေးသည်များ၏ ဖောက်သည်ယူရာနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

 

ဇေယျတု(မကွေး)