နောင်တရား ၁၇ ဧပြီ
ပင်လောင်းမြို့နယ် နောင်တရားမြို့နှင့် ကျေးရွာများ၌ ခွန်အောင်ထွန်းလေးမှ ဦးဆောင်သော နောင်တရားဒေသလူငယ်များ ပရဟိတအဖွဲ့များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အရေးကြီးသည့် အများပြည်သူသွားလာမှုများပြားသော ဘုန်းတော်ကြီးကျောင်း၊ လမ်းများ၊ ကျေးရွာများနှင့် အိမ်များ၊ ဈေးဆိုင်များတွင် ပိုးသတ်ဆေးဖျန်းခြင်းကို ဧပြီလ ၄ ရက်နေ့မှ ယနေ့အထိ နေ့စဉ်ရက်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် မြို့ပေါ်အလှူရှင်များ၊ ကျေးရွာ အလှူရှင်များနှင့် ရပ်ဝေးမှအလှူရှင်များက လာရောက်လှူဒါန်းကြသည်။ ဧပြီလ ၁၆ ရက်နေ့တွင် နောင်တရားဒေသလူငယ်များ ပရဟိတအဖွဲ့က နန်းပုလင်းကျေးရွာအုပ်စု စင်းစုတ်ဒေသခံများနှင့် ပူးပေါင်း၍ စင်းစုတ်ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာအတွင်းရှိ ဈေးဆိုင်များ၊ အိမ်များ၊ လမ်းမကြီးများကို ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယနေ့ဧပြီလ ၁၇ ရက်နေ့တွင် နောင်တရားမြို့တွင်းနှင့် ထီယွန်ဘုန်းတော်ကြီးကျောင်း၊ ကျေးရွာ အတွင်းတွင် ပိုးသတ်ဆေးဖျန်း မည်ဖြစ်ကြောင်းသိရသည်။ နောင်တရားဒေသလူငယ်များ ပရဟိတ အဖွဲ့က ကျေးရွာများတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့်အတူ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကိုလည်း နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)
