မိတ္ထီလာ ၁၇ ဧပြီ
မိတ္ထီလာမြို့နယ်၌ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော ကျေးရွာသုံးရွာမှ ဘုန်းတော်ကြီး ကျောင်းများသို့ ဧပြီလ ၁၇ ရက်နေ့ နံနက်က သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လာ၍ အကူအညီတောင်းခံလာပါက ကျေးရွာများသို့ မီးသတ်ရေသယ်ယာဉ်များဖြင့် အရောက်သွား၍ သောက်သုံးရေများအား လှူဒါန်းလျက်ရှိရာ သောက်သုံးရေလိုအပ်လျက်ရှိသည့် ရေချိုကျေးရွာအုပ်စု ရွာသာကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ သောက်သုံးရေ အဆင်ပြေစေရန်အတွက် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက ဂါလန် ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့သည်။
၎င်းအပြင် သောက်သုံးရေ လိုအပ်လျက်ရှိသော ခင်တဲကျေးရွာအုပ်စု ညောင်ပင်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် အရာတော်ကျေးရွာရှိ အရာတော်တောရ ဘုန်းတော်ကြီးများသို့ မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက မီးသတ်ရေသယ်ယာဉ်ဖြင့် သွားရောက်၍ လှူဒါန်းပေးခဲ့ကြောင်း ခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်ဆန်းက ပြေကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)