ဟားခါး  ၁၇   ဧပြီ

                       

ချင်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အစည်းအဝေး (၈/၂၀၂၀)ကို ဧပြီလ ၁၆ရက်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အမှာစကား ပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာတွင် COVID-19 ရောဂါပိုးရှိသူ (၁)ဦး ထပ်မံတွေ့ရှိကြောင်း၊ Community Based Facility Quarantine ပြုလုပ်သည့်နေရာများ စနစ်တကျစီမံဆောင်ရွက်ရန်နှင့် လိုအပ်ချက်များ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ပေးရန် ပြောကြားသည်။

 

3306

 

ထို့နောက် ပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်(၅)မျိုး ဖြန့်ဝေပြီးစီးမှု အခြေအနေ၊ အရန်ဆန်၊ ဆီနှင့် အခြားစားကုန်ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက်  စီမံချက်ရေးဆွဲနေမှု အခြေအနေ၊ အလှူငွေနှင့်အလှူပစ္စည်းများ လက်ခံရရှိမှုအခြေအနေကိုလည်းကောင်း၊ ကော်မတီတွဲဖက် အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက Facility Quarantine ပြုလုပ်သည့် နေရာများတွင် ကြီးကြပ်အဖွဲ့များ ဖွဲ့စည်းမှုအခြေအနေ၊ စားသောက်ရေး အတွက် ဆောင်ရွက်မှု အခြေအနေနှင့် ပိုးသတ်ဆေးဖျန်းမည့် အခြေအနေများကိုလည်းကောင်း၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူးဒေါက်တာအောင်ငွေစံက နေပြည်တော်မှ ညွှန်ကြားရေးမှူးဦးဆောင်သည့်အဖွဲ့ တီးတိန်မြို့သို့  ရောက်ရှိမှုအခြေအနေနှင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပိုးတွေ့လူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများ၏ (NasoPharyngeal Swab) နမူနာများ စစ်ဆေးနိုင်ရေးပေးပို့မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာကြသည့် ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

3319

 

ချင်းပြည်နယ်အတွင်း ဧပြီလ ၁၆ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု အခြေအနေမှာ ပြည်ပမှပြန်လည်ဝင်ရောက်သူ(၆၀ဝ)၊ Home Quarantine စောင့်ကြည့်သူ (၅၂) ဦး၊ Community Based Facility Quarantine ပြုလုပ်သည့် ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်း၊ တက္ကသိုလ်၊ ခန်းမနှင့် အခြားနေရာ စုစုပေါင်း (၃၆)နေရာတွင် စောင့်ကြည့်သူ(၅၀)ဦး၊ ပြန်လည်စေလွှတ် သူ (၄၉၁)ဦး နှင့် ရောဂါပိုးတွေ့ရှိသူ (၄)ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှ သိရသည်။

 

အောင်ခွီရှိန်း(ပြန်/ဆက်)