မင်းဘူး  ၁၇   ဧပြီ

 

နှစ်စဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည့် မင်းဘူးခရိုင် ၊ မန်းရွှေစက်တော် ၊ အောက်စက်တော်ရာ ပါဒခြေတော်ရာ ဖန်အုပ်ဆောင်းပိတ်ပွဲအား ကပ်ရောဂါ ကာလဖြစ်နေသဖြင့် လူစုလူဝေး မဖြစ်စေရန် ယခုနှစ် ဧပြီ ၁၇ရက်နေ့တွင် အကျဉ်းချုံး၍ ပိတ်ပွဲကျင်းပခဲ့ကြောင်း ဂေါပက အဖွဲ့မှ သိရသည်။

 

278

 

" ခါတိုင်းနှစ်တွေတော့ အခမ်းအနားနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပဖြစ်တယ်။ သြဝါဒ ဆရာတော် ၁၅ ပါးလုံးကို ပင့်တယ်။ ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမဖြစ်ရအောင် သြဝါဒဆရာတော် ငါးပါးနဲ့ပဲ အကျဉ်းရုံးပြီးတော့ ပိတ်သိမ်းပူဇော်လိုက်ပါတယ် '' ဟု ဂေါပကအတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

 

မိုးတွင်းကာလတွင် မန်းချောင်းရေ နှစ်စဉ်မြင့်တက်လေ့ရှိပြီး ခြေတော်ရာမြုပ်ကာ အောက်စက်တော်ရာ အမိုး ပန်းဆွဲနားထိရေတက်ကြောင်း ၊ ရေကျချိန်တွင် ရွှံနွံအညစ်အကြေးများဖြင့် အဂါရဝမဖြစ်စေရန် ဖန်အုပ်ဆောင်း ပိတ်ပွဲကျင်းပနေခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

 

အဆိုပါ အလင်းပေါက်ဖန်အုပ်ဆောင်းကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဇနီးဒေါ်ကြူကြူလှနှင့် တပ်မတော်ကြည်း၊ ရေ၊ လေ မိသားစုများ၊ ဓမ္မမိတ်ဆွေ အလှူရှင်များ က ၂၀၁၄ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ခြေတော်ရာကို အုပ်ထားသော်လည်း ချောင်းရေမတက်ချိန်ထိ အပြင်မှ ဖူးမြော်နိုင်ကြောင်း သိရသည်။

 

132

 

ကိုဗစ်-၁၉ ကပ်ရောဂါရန်မှ ကာကွယ်ရန် ရည်ရွယ်၍ ဘုရားဖူး လူစုလူဝေးထူထပ်လွန်းသည့် ရွှေစက်တော် ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်း တစ်ရက်နေ့ထိ ရက်ပေါင်း ၈၀ ကြာ ကျင်းပနေရာမှ ပွဲတော်ကာလတစ်ဝက်ကျော်တွင် ပိတ်သိမ်းခဲ့ပြီး အောက်ခြေတော်ရာ ဖန်အုပ်ဆောင်း ပိတ်ပွဲကိုလည်း အကျဉ်းချုံး၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

 

ဇေယျတု(မကွေး)