ဟားခါး ၁၇ ဧပြီ
နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက်စွဲပါ အမိန့်အမှတ်၊ ၁၂/ ၂၀၂၀ ဖြင့် အကျဉ်းထောင်၊ စခန်းအသီးသီးရှိ အကျဉ်းသား/သူ စုစုပေါင်း (၂၄၈၉၆)ဦးအား စည်းကမ်းသတ်မှတ်ချက် မထားပဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည့်အနက် ချင်းပြည်နယ်မှ (၅၆)ဦး ပါဝင်လွတ်မြောက်ကြောင်း သိရပြီး ကလေးမြို့အကျဉ်းထောင်နှင့် အကျဉ်းစခန်းများမှ အကျဉ်းသား(၃၁)ဦး ပါဝင်လွတ်မြောက်လာကြောင်း သိရသည်။
အဆိုပါ လွတ်မြောက်လာသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ကြီးကြပ်ရေးအဖွဲ့များက မော်တော်ယာဉ် (၃)စီးဖြင့် ယနေ့နံနက်(၁၀)နာရီတွင် ကလေးအကျဉ်းထောင်သို့ သွားရောက်ကြိုဆို၍ သက်ဆိုင်ရာမြို့နယ် အသီးသီးသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး လွတ်မြောက်လာသူများ၏ လုံခြုံရေး၊ စားသောက်ရေးကိစ္စရပ်များကို သက်ဆိုင်ရာခရိုင်/မြို့နယ် ကြီးကြပ်ရေးအဖွဲ့များမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ကလေးမြို့အကျဉ်းထောင်မှ လွတ်မြောက်လာကြသူများတွင် ဟားခါးမြို့နယ်မှ (၂)ဦး၊ ထန်တလန်မြို့နယ်မှ (၃)ဦး၊ ဖလမ်းမြို့နယ်မှ (၃)ဦး၊ တီးတိန်မြို့နယ်မှ (၉)ဦး၊ တွန်းဇံမြို့နယ်မှ (၁၀)ဦး၊ ရိခေါဒါရ်မြို့မှ (၃)ဦးနှင့် ခိုင်ကမ်းမြို့မှ (၁)ဦး၊ စုစုပေါင်း(၃၁)ဦး ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)