နေပြည်တော် ၁၇ ဧပြီ
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက် ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိ စေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်၊ သံဃာတော်များသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရဟတ်ယာဉ်ဖြင့် လှည့်လည်၍ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ပွားသရဇ္စျာယ်ကြပြီး မေတ္တာပို့သကြသည်။
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာဝဲကြီး ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များသည် နံနက် ၇ နာရီတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ရဟတ်ယာဉ်ဖြင့် စတင်ထွက်ခွာကြပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း လှည့်လည်၍ ကမ္ဘာသူကမ္ဘာသားများနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ပွားသရဇ္စျာယ်ကာ မေတ္တာပို့သကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူထားသည့် ပရိတ်ရေများအား ဝေဟင်မှ ပက်ဖျန်းပေးကြသည်။
သတင်းစဉ်