ထန်းတပင် ၁၇ ဧပြီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်လျက်ရှိသည့် တူးချောင်းကျေးရွာအုပ်စု၊ တူးချောင်းကျေးရွာသို့ ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် သွားရောက်ကာ ကျေးရွာနေပြည်သူများအား သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
“နွေရာသီသောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ဒီတူးချောင်းကျေးရွာမှာ ရေဂါလန် (၁၆၀၀) ကို ဒီနေ့နံနက်ပိုင်းက သွားလှူပေးတယ်၊ ညနေပိုင်းမှာလည်း နောက်ထပ် ရေဂါလန် (၁၆ဝဝ) ကို ထပ်လှူပေးထားတယ်။ နောက်ပြီး သောက်သုံးရေလိုအပ်နေတဲ့ ကျေးရွာတွေရှိမယ်ဆိုရင်လည်း ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနကို လာရောက်ကာ အကူအညီတောင်းခံနိုင်ပါတယ်” ဟု မြို့နယ်မီးသတ် ဦးစီးမှူး ဦးမိုးမင်းအောင်က ပြောသည်။
သောက်သုံးရေများ လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးမင်း အောင်ဦးဆောင်၍ ဒုတိယမီးသတ် ဦးစီးမှူး ဦးမျိုးနိုင်ဦး၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအုန်းဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများအား သောက်သုံးရေအခက်အခဲများ အဆင်ပြေစေရေးအတွက် မီးသတ်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တူးချောင်းကျေးရွာတွင် ကျေးရွာနေပြည်သူ ၃၀၀၀ ကျော်တို့ နေထိုင်လျက်ရှိပြီး ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေများမှာ အဓိကလိုအပ်နေကြောင်း ကျေးရွာအတွင်း သောက်သုံးရေလိုအပ်နေမှု အခြေအနေများကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသူရိန်မျိုးက ရှင်းပြသည်။
ဇင်မင်းထိုက်(ထန်းတပင်)
