နေပြည်တော် ၁၇ ဧပြီ

 

 

ချင်းပြည်နယ်၊ ဟားခါးမြေငလျင်စခန်း၏ တိုင်းတာချက်အရ ဧပြီ ၁၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ဖလမ်းမြို့၏ အရှေ့တောင်ဘက် ၂၄ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၇၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၀၁ ဒီဂရီ၌ မြေအောက်အနက် ၁၂ ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး ၆.၁ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါမြေငလျင်လှုပ်ခတ်မှုကြောင့် ဖလမ်းမြို့နယ် ဗါးရ်လုံကျေးရွာ၌ စာသင်ကျောင်းရှိ အဆောင် ၂ ဆောင်မှ အုတ်နံရံများ ပြိုကျခဲ့ကြောင်း၊ ကလေးမြို့နယ် အင်ကျွန်းကျေးရွာ၌ ရန်အောင်မြင်လာဘ မုနိရွှေမုဌောစေတီတော်၏ စိန်ဖူးတော် မြေခခဲ့ကြောင်း၊ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အဆောက်အဦ ပြတင်းပေါက်မှန်များ ကွဲအက်ခြင်း၊ မျက်နှာကျက် ၂ ခု ကွာကျခြင်း၊ မှန်ဘီရို ၁ လုံးနှင့် TV ၂ လုံး ကွဲအက်ခြင်း၊ မြို့နယ် စုပေါင်းရုံးအဆောက်အဦနံရံ ၇ နေရာကွဲအက်ခြင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး အဆောက်အဦ မျက်နှာကျက်များ ကွာကျခြင်း၊ မှန်ဘီရို ၃ လုံး၊ စာအုပ်စင် ၂ ခု၊  ရေတိုင်ကီ ၁ ခု (၂၀၀၀ လီတာဆံ့) လဲကျခြင်း၊ ခရိုင်မီးသတ်အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များရှိ နံရံများ ကွဲအက်ခြင်းနှင့် ဈေးဆိုင်ခန်း ၁ ခု ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

 

ရဲပြန်ကြား