၁၇ ဧပြီ
မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် ပြိုင်ပွဲများရွှေ့ဆိုင်းထားသော်လည်း လေ့ကျင့်မှုရပ်နားခြင်းမရှိဘဲ ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
အောင်လအန်ဆန်သည် ယခင်က ဧပြီ ၁၀ ရက်တွင် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ပြိုင်ပွဲရွှေ့ဆိုင်းထားသော်လည်း နေအိမ်၌ လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်ပြီး ပြိုင်ပွဲပြန်လည်ကျင်းပပါက အဆင်သင့်ဖြစ်နေစေရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
ONE Championship အဖွဲ့အစည်းသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲများကျင်းပမှုကို ရပ်နားထားပြီး အောင်လအန်ဆန်၏ ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲပါဝင်သည့် ONE Infinity-1 ပြိုင်ပွဲကို မေလကုန်ပိုင်းတွင် ပြန်လည်ကျင်းပရန် လျာထားသော်လည်း ရောဂါဖြစ်ပွားမှုမှာ ထိန်းချုပ်နိုင်ခြင်းမရှိသေးသောကြောင့် ပြိုင်ပွဲကျင်းပမည့်ရက်မှာ အပြောင်းအလဲဖြစ်ဖွယ်ရှိနေသည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ပြိုင်ဘက်ဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ယခင်စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ခါဒီရစ် ဒဏ်ရာရခဲ့သောကြောင့် ဗစ်တာလီဘစ်ဒက်ရှ်က အစားထိုးယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့်ပြိုင်ပွဲတွင် ဘစ်ဒက်ရှ်၏ ကမ္ဘာ့ချန်ပီယံဆုအား စိန်ခေါ်ခဲ့ရာ ပြင်ဆင်ချိန်နည်းပါးခဲ့သောကြောင့် အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ဇွန်လက ရန်ကုန်မြို့၌ ထိုးသတ်သည့်ပွဲတွင် အောင်လအန်ဆန်သည် အမှတ်ဖြင့် အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့သည်။ အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှိသည် သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး တစ်ပွဲစီ အနိုင်ရထားသည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ သုံးပွဲထိုးသတ်ထားရာ သုံးပွဲစလုံး အနိုင်ရထားပြီး လေးပွဲမြောက် ထိုးသတ်ခြင်းဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်