ဧပြီ ၁၈
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါစောင့်ကြည့်လူနာ (၁၇၇) ဦးနှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၀၁) ဦး၊ စုစုပေါင်း (၃၇၈)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ပါသည်။
၂။ အဆိုပါ ဓာတ်ခွဲနမူနာများတွင် ပထမအသုတ်စစ်ဆေးခဲ့သော (၉၃) ဦးအနက် (၃) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်းနှင့် (၉၀) ဦး၏ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်းကို (၁၇-၄-၂၀၂၀) ရက်နေ့၊ ည (၈) နာရီသတင်းတွင် ထုတ်ပြန်ခဲ့ပြီးဖြစ် ပါသည်။
၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၇-၄-၂၀၂၀) ရက်နေ့၊ ည တွင် ဓာတ်ခွဲစစ်ဆေးခဲ့သော ကျန်ရှိသည့် (၂၈၅) ဦး၏ ဓာတ်ခွဲနမူနာများအနက် (၆) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ၍ (၂၇၉) ဦး၏ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။
၄။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၉၄) ဦးရှိပြီဖြစ်ပါသည်။
၅။ (၁၇-၄-၂၀၂၀)ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုခဲ့သည့် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲ အတည်ပြုလူနာ အသက် (၇၈) နှစ်သည် ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ အခံရှိသူ ဖြစ်ပြီး ၄င်း (၁၃-၄-၂၀၂၀) ရက်နေ့တွင် လက္ခဏာများ ခံစားခဲ့ရသဖြင့် (၁၅-၄-၂၀၂၀) ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူခဲ့ပါသည်။ ၄င်းအား COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုပြီးချိန်တွင် (၁၇-၄-၂၀၂၀) ရက်နေ့၌ ဝေဘာဂီအထူးကုဆေးရုံကြီးသို့လွှဲ ပြောင်း၍ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုပေးခဲ့ရာ (၁၈-၄-၂၀၂၀)ရက်နေ့၊ နံနက် (၂:၅၅) နာရီ အချိန်တွင် သေဆုံးခဲ့ပါသည်။ သေဆုံးရသည့်အကြောင်းရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှုလမ်းကြောင်း ပျက်စီးခြင်းနှင့် သွေးတိုးရောဂါအခံနှင့် အမျိုးအစား (၂) ဆီးချိုရောဂါတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
၆။ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသမှုပေးနေသည့် လူနာ (၃) ဦးအားလည်း အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုများပေးလျက်ရှိပါသည်။
၇။ သတင်းအကျယ်ကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ပါသည်။
Ref; Ministry of Health and Sports, Myanmar