ဆမီး ၁၈ ဧပြီ
ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီးဦးစိုးထက် ဦးဆောင်သည့် အဖွဲ့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့သို့ သွားရောက်၍ စားနပ်ရိက္ခာပျက်လပ်မှု ကြုံတွေ့နေသည့် ပလက်ဝမြို့၊ စစ်ဘေးရှောင်ပြည်သူများအတွက် ဧပြီ ၁၆ ရက်နေ့က ဆန်အိတ်စုစုပေါင်း(၈၃၀)နှင့် အခြားလိုအပ်လျက်ရှိသည့် စားနပ်ရိက္ခာများကို မော်တော်ယာဉ်(၁၀)စီးဖြင့် ဆမီးမြို့မှတစ်ဆင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် ဦးဆောင်သည့် အဖွဲ့သည် ဧပြီ ၁၅ ရက်နေ့မှ ဧပြီ ၁၇ ရက်နေ့အထိ (၃)ရက်ကြာ ဆမီးမြို့သို့ သွားရောက်၍ ဆမီးမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရပ်ဖက်အဖွဲ့အစည်းများကို ဆမီးမြို့၊ စည်ပင်သာယာရေးဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ချင်းပြည်နယ်အသီးသီးရှိ စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေများ၊ ပြည်နယ်အစိုးရမှ စစ်ဘေးရှောင်ပြည်သူများအတွက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများနှင့် စီမံခန့်ခွဲမှု အခြေအနေများနှင့် အခြားလိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးကြပြီး ပလက်ဝမြို့ စစ်ဘေးရှောင်ပြည်သူများနှင့် ဆမီးမြို့စစ်ဘေးရှောင်ပြည်သူများအတွက် (Camp) စစ်ဘေးရှောင်စခန်းအသစ်များ ဆောက်လုပ်နိုင်ရန်အတွက် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးမှ စရန်ငွေကျပ် သိန်းပေါင်း(၃၀ဝ)ကို ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံသည်။
ဆက်လက်ပြီး စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးက ဆမီးမြို့ရှိ (Camp) စစ်ဘေးရှောင်စခန်း-(၈)ခုသို့ သွားရောက်၍ စားဝတ်နေရေးအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်း၍ အားပေးစကားများပြောကြားပြီး ဆမီးမြို့ရှိ ဌာနဆိုင်ရာရုံးများ၊ စားနပ်ရိက္ခာသိုလှောင်ခန်းများနှင့် ပြည်သူ့ဆေးရုံရှိလူနာများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)
