မန္တလေး ၁၈ ဧပြီ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်သည့် အမိန့်ကြေညာစာအမှတ် (၃/၂၀၂၀) အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်အတွက် ဧပြီ ၁၇ ရက်က မန္တလေးမြို့ရှိ သက်ဆိုင်ရာရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။

 

အဆိုပါ အမိန့်ကြေငြာစာတွင်  မည်သူမဆို လုံလောက်သော အကြောင်းပြချက်မရှိဘဲ နေ့စဉ် ည(၉)နာရီမှ နံနက်(၄) နာရီအထိ ပြင်ပသို့ လုံးဝ(လုံးဝ) ထွက်ခွာခြင်းမပြုရန်၊ ကုန်စည်စီးဆင်းမှုအတွက် သွားရောက် နေရသည့် ယာဉ်/လူပုဂ္ဂိုလ်များသည် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့များ၏ စိစစ်ခွင့်ပြုချက်ဖြင့် သတ်မှတ်နေရာများ၌ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန်၊ ပြည်သူများအနေဖြင့် နေ့ခင်းဘက်တွင်လည်း မဖြစ်မနေပြင်ပသို့ သွားလာရန် ကိစ္စရှိပါက အိမ်ထောင်စု တစ်စုလျှင် လူတစ်ဦးတည်းသာ ထွက်ရန်နှင့် Mask  မတပ်ဘဲ အိမ်ပြင်သို့ထွက်ခွာခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန်၊ ဈေးအသီးသီးရှိ ဈေးရောင်း၊ ဈေးဝယ်၊ ဈေးလုပ်သားများနှင့် ပြည်သူများအားလုံး Mask များ တပ်ဆင်ပြီးမှသာ ဈေးရောင်း/ဈေးဝယ် ပြုလုပ်ကြရန်အတွက် မန္တလေးမြို့ရှိ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လှည့်လည် ကြေညာခဲ့ကြောင်း သိရသည်။

 

အဆိုပါ စည်ကမ်းချက်များအား အများပြည်သူအကျိုးအတွက် ရည်ရွယ်သတ်မှတ်ခြင်းဖြစ်သဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ပေးကြရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အမိန့်ထုတ်ပြန်ကြေညာစာအမှတ်(၃/၂၀၂၀)တွင် ဖော်ပြပါရှိသည်။

သန်းဇော်မင်း(ပြန်/ဆက်)