မန္တလေး ၁၈ ဧပြီ

မန္တလေးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ကေ့စ် ၈၂ နှင့် နီးကပ်စွာနေခဲ့သူ ၂၁ ဦး၏ ဆေးစစ်ချက်အဖြေ အားလုံး ရောဂါပိုးစစ်ဆေးရာ မတွေ့ရှိကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

 

မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂ ဦးရှိပြီး ပထမလူနာမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှဆင်းပြီး နေအိမ်တွင် Quarantine ပြုလုပ်နေကြောင်း သိရသည်။ “အောင်မြေသာစံမြို့နယ်က ကေ့စ် ၈၂ ရဲ့ နီးကပ်စွာနေခဲ့သူ ၂၁ ယောက်စလုံးရဲ့ ဆေးစစ်ချက်ဟာ Negative ပါ ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

 

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ ကေ့စ် ၈၂ သည် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး တူရကီနိုင်ငံမှ ပြန်လာသူဖြစ်ကာ ဧပြီ ၁၆ ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ စစ်ဆေးခဲ့သူ ၄၀ဝ၀ နီးပါးရှိပြီး အတည်ပြု လူနာ ၉၄ ဦးရှိကာ သေဆုံးသူ ၅ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဖြိုးအိ