ရန်ကုန်  ၁၈   ဧပြီ

 

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ ဧပြီ ၂၀ ရက်နေ့ ပြန်လည်လုပ်ငန်းဝင်ရန် နယ်အသီးသီးမှ လုပ်သားများသိရှိထားရာ ရောဂါကူးစက်မှု ထိန်းချုပ်သည့်အနေဖြင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ ဒေသအသီးသီး စက်ရုံလုပ်သားများ သင်္ကြန်ပိတ်ရက် နောက်ပိုင်းခွင့်တိုင်ကြားပါက လုပ်ခလစာမဲ့ခွင့်ဖြင့် အလုပ်အကိုင်တည်မြဲအမှုအတွက် အာမခံချက်ပေးရန် စက်ရုံလုပ်ငန်းရှင်များအား ဧပြီ ၁၈ ရက်နေ့က တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

 

“အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ကြေညာချက်ထုတ်ထားတယ်ပြောတယ်။ ဧပြီ ၃၀ ရက်ထိ ခွင့်ယူချင်ရင်အကြောင်း ကြားထားဖို့ပြောတယ်။ စက်ရုံအများစုကလည်း ဖွင့်ရမလား၊ပိတ်ရမလား ဇဝေဇဝါဖြစ်နေကြတယ်။ အဲ့ဒီကိစ္စကိုနိုင်ငံတော်က တိတိကျကျ ပြဋ္ဌာန်းပေးရင် ပိုပြီးရှင်းလင်းလွယ်ကူမှာပေါ့နော်။ ကျွန်တော့အနေနဲ့ ပြောရရင် အထည်ချုပ်မှာ အင်အားများတာကြောင့် ရောဂါထိန်းချုပ်ရေးအတွက်လည်း စိတ်ပူတယ်။ တကယ် လုပ်ငန်းလည်ပတ်ဖို့ လိုနေသလားပေါ့။ စက်ရုံအော်ဒါရှိလို့ တစ်ဖက်ကို အချိန်မီမပေးနိုင်ရင်လည်း နားလည်ဖို့တော့လိုမယ်။ သင်္ကြန်ပြီးကာလမှာ ရိက္ခာပြတ်လပ်မှု မရှိရေးလည်း လိုတာကြောင့် စားသောက်ကုန်စက်ရုံတွေ လည်ပတ်နေဖို့တော့လိုမယ်။ ဖွင့်သင့် ဖွင့်ထိုက်တဲ့ စက်ရုံတွေ လည်ပတ်ခွင့်ပေးပြီး စားသောက်ကုန်အတွက် အဆင်ပြေမှာဖြစ်လို့ စိုးရိမ်စရာမလိုတော့ဘူးပေါ့။ အလုပ်ပြန်ဝင်ရင်လည်း ၂၁ ရက်စောင့်ကြည့်ပြီးမှ အလုပ်ပြန်လက်ခံမယ့် သဘောလည်း ရှိတယ်။ တစ်ဦးဖြစ်ရင်လည်း မလွယ်ဘူးလေ” ဟု UMFCCI  ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောသည်။

 

သင်္ကြန်ကာလပိတ်ရက်အပြီး အလုပ်ပြန်ဖွင့်မည့် စက်ရုံများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသော အလုပ်သမားများအား ခွင့်တိုင်ကြားစေပြီး အလုပ်အကိုင်တည်မြဲမှု အာမခံချက်ပေးရန် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တိုက်တွန်း နှိုးဆော်ထားသည်။ ကိုဗစ်-၁၉ ရောဂါကူးစက် ကပ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေး ထိခိုက်မှုနှင့် အလုပ်အကိုင်ဆုံးရှုံးမှု လျော့ပါးသက်သာစေရေး အတွက် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း(MGMA)အနေဖြင့် မြန်မာနိုင်ငံ-တရုတ်နိုင်ငံ အထည် အလိပ်နှင့် အထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ-ကိုရီးယား အထည်ချုပ် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ-ဂျပန်နိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အုပ်စုတို့နှင့်ပူးတွဲ၍ မိမိတို့အသင်းဝင် စက်ရုံလုပ်ငန်းရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာလမ်းညွှန်ချက်များနှင့် သက်ဆိုင်ရာတည်ဆဲ ဥပဒေ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် မိမိဒေသ အခြေအနေကြောင့်ဖြစ်စေ၊ မိမိကိုယ်တိုင် အခြေအနေကြောင့်ဖြစ်စေ လုပ်ငန်းခွင်သို့ ပြန်လည်မဝင်ရောက်နိုင်သည့် အလုပ်သမားများသက်ဆိုင်ရာ အလုပ်ရုံ၊ တာဝန်ခံတစ်ဦးဦးထံ ဖုန်းဆက်ခြင်း၊ မက်ဆေ့ချ်ပို့ခြင်းနှင့် Viber မက်ဆေ့ချ်ပို့ခြင်း၊ အီးမေးလ်ပို့ခြင်း စသည့်နည်းလမ်းများဖြင့် ခွင့်တိုင်ကြားပါက ဧပြီ ၂၀ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့ထိ လုပ်ခလစာမဲ့ခွင့်ဖြင့် ခွင့်ပြုပြီး အလုပ်အကိုင် တည်မြဲမှုအတွက် အာမခံချက်ပေးရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။

 

“ဧပြီ ၂၀ ရက် အလုပ်ပြန်ဝင်ရမယ်ဆိုတော့ နယ်က သူငယ်ချင်းတွေကို ဆက်သွယ်ကြည့်တဲ့အခါ လမ်းတွေပိတ်တယ်။ အဆောင်ပိုင်ရှင်တွေက ပြန်လက်မခံဘူး၊ ရပ်ကွက်ကလည်းရွာက ပြန်လာတဲ့သူတွေကို ပြန်မဝင်စေချင်ဘူး အမျိုးမျိုးကြားနေရတယ်။ ကျွန်မတို့နေတဲ့ လှိုင်သာယာက အဆောင်ပိုင်ရှင်ကို မေးတော့ လက်မခံဘူးလို့ပြောတယ်။ စက်ရုံမှာ အလုပ်သမား ၆၀ဝ ကျော် ရှိတယ်။ တကယ်လို့ စက်ရုံဆင်းရမယ်ဆိုရင် အလုပ်သမားတွေရဲ့ ကျန်းမာရေးကို အထူးတာဝန်ယူစေချင်တယ်။ စက်ရုံအများစုမှာ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသလို လူအထိအတွေ့လည်း များတယ်။ တစ်ဦးကို သုံးပေအကွာလည်း မထားနိုင်ကြဘူး။ ကျန်းမာရေးစိုးရိမ်မှုနဲ့ အလုပ်လုပ်ကိုင်ရတဲ့ စိတ်နှစ်မျိုးခံစားရမှာ။ တကယ်လို့ ဆင်းရမယ်ဆိုရင်လည်း အလုပ်သမားတွေကို ရောဂါကာကွယ်ရေးအတွက် တာဝန်ယူစေချင်တယ်။ ပိတ်မယ်ဆိုရင်လည်း အလုပ်သမားတွေ လစာအတွက်လည်း ကျေးဇူးပြုပြီး စဉ်းစားပေးစေလိုပါတယ်” ဟု လှိုင်သာယာစက်မှုဇုန်(၄) ဆမ်းမီ အထည်ချုပ် စက်ရုံမှ မအေးသန္တာက ပြောသည်။

 

ရန်ကုန်တိုင်း ဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးဆက်မှုမရှိစေရန် ဧပြီ ၁၈ ရက်နေ့မှစ၍ ည ၁၀ နာရီမှ နံနက် ၄ နာရီထိ “ညမထွက်ရ” အမိန့်ကို သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာခဲ့ပြီး မြို့နယ်များတွင် နေ့၊ညသွားလာမှု၊ လှည့်လည်ဈေးရောင်းချမှုတို့ရှိနေ၍ အများပြည်သူ၏ ကျန်းမာရေး လုံခြုံမှုရှိစေရန် သွားလာမှုကို တားမြစ်ခြင်းဖြစ်သည်။

 

လက်ရှိတွင် ရန်ကုန်မြို့ရှိ စက်မှုဇုန်များရှိ ရပ်ကွက်၊ ကျေးရွာများ၌ သင်္ကြန်ကာလ နယ်မပြန်သော အလုပ်သမားများရှိသည့်နည်းတူ နယ်ပြန်သူများလည်း ရှိသောကြောင့် ဧပြီ ၂၀ ရက်နေ့သည် လုပ်ငန်းခွင်ဝင်ရန် သိရှိထားရာ အလုပ်သမားတို့အတွက် အခက်အခဲများစွာ ရှိနေပြီး ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်နှင့် အလုပ်သမား အလုပ်အကိုင် တည်မြဲမှုအာမခံချက်ပေးနိုင်ရန် မိမိရောက်ရှိရာနေရာမှ သက်ဆိုင်ရာစက်ရုံများနှင့် တာဝန်ခံတို့ထံ ဆက်သွယ်ကာခွင့်တိုင်ကြားရန် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

 

သန်းထိုက်