ရေဦး ၁၈   ဧပြီ   

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့တွင်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချူပ်ရေး လုပ်ငန်းများအား အထောက် အကူဖြစ်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီက မြို့မစည်ပင်ဈေးတွင် ရောင်းချနေသော ပျံကျ ဈေးသည်များအား ယနေ့ နံနက် ၆ နာရီမှစပြီး မြို့မ ကျောက်တိုင်အားကစားကွင်း၌ ယာယီပြောင်းရွှေ့ နေရာချထားလျက်ရှိကြောင်း သိရသည်။



အဆိုပါပျံကျဈေး နေရာသစ်တွင် ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် ဈေးအတွင်းမဝင်မီ လက်ဆေးပြီး၀င်ရန်နှင့် စျေးသည်များနှင့် စျေးဝယ်သူအားလုံး နှာခေါင်းစည်း တပ်ဆင်ပြီး ဝယ်ယူ ရောင်းချရမည်ဖြစ်ကြောင်း၊ ဆိုင်ခန်းတစ်ခန်းလျှင် ခြောက်ပေပတ်လည် အကျယ်နှင့် တစ်ခန်းနှင့် တစ်ခန်းသုံးပေ အကွာအဝေးဖြင့် နေရာချထားပေးထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်ခင်က ပြောသည်။



ထို့ပြင် ရေဦးမြို့မ စည်ပင်ဈေးကြီးကို ပုံမှန်ဖွင့်လှစ်ပေးထားပြီး လောလောဆယ် ပိတ်ရန်အစီအစဉ်မရှိ သေးကြောင်း၊ ဈေးရောင်းသူနှင့် ဝယ်သူများကို ကိုယ်အပူချိန်တိုင်းခြင်း ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်‌ပြီးမှ  ဈေးအတွင်းသို့ ဝင်ရောက်၍‌‌ ဈေးရောင်း‌ ဈေး၀ယ် ပြုလုပ်ရန်နှင့် နှာခေါင်းစည်း မပါသူများအား နှာခေါင်းစည်း ရရှိအောင်    စီစဉ်ပေးထားကြောင်း၊ အလားတူ ရွှေပြည်သာရပ်ကွက် နံနက်ခင်း ပျံကျဈေးအား  လူစုလူဝေးပုံစံ မဖြစ်‌စေရန် စည်ပင်သာယာရေး ၀န်ထမ်းများမှ စောင့်ကြည့်ကြပ်မတ်ခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

သန်းထိုက် (ရေဦး )