မန္တလေး ၁၈ ဧပြီ 

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းမှ ရာသီပေါ်သီးနှံအဖြစ် စတင်ထွက်ရှိလာသည့် ရောင်းတန်းဝင် မြန်မာ့စိန်တလုံးသရက်သီးများ အဖွင့်ဈေးကောင်းမွန်စွာဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

 

ယခုနှစ်ရာသီတွင် ထွက်ရှိလာသည့် စိန်တလုံးသရက်သီးများမှာ အဖွင့်ဈေးကောင်းမွန်ခြင်းအတွက် နှုန်းသင့်တင့်ခြင်းအပြင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် နယ်စပ် မူဆယ်ကုန်သွယ်ရေး လမ်းကြောင်းများလည်း ချောမွေ့နေသည်။ ယခုလို ဈေးဦးကောင်းသည့် အချိန်တွင် ဈေးကွက် ထိခိုက်မှုမဖြစ်ပေါ်စေရန် အရည်အသွေးပြည့်ဝသည့် သရက်သီးများကိုသာ တင်ပို့ရောင်းချကြရန် မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ကြေညာချက်ထုတ်ပြန်ထားကြောင်း အဆိုပါအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

 

“လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် - ၁၉  ရောဂါကြောင့် ကျွန်တော်တို့ရဲ့ သရက်ဈေးကွက်ကို ထိခိုက်မှုမရှိခဲ့ပါဘူး။  လောလောဆယ်မှာ အဖွင့်ဈေးကလည်း ကောင်းပြီး အထွက်နှုန်းကလည်း သင့်တင့်တဲ့အပြင် တင်ပို့တဲ့ လမ်းကြောင်းကလည်း အဆင်ပြေနေတဲ့အတွက် အခုလို ဈေးဦးပေါက်ကောင်းနေတဲ့အချိန်မှာ မရင့်သေးတဲ့အသီးတွေရောပြီး ထည့်ရောင်းလို့ ဈေးနှိမ်ဝယ်ယူပြီး ဈေးကွက်ပျက်သွားမှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် တောင်သူအချင်းချင်း ပွဲစားကုန်သည် အချင်းချင်း အကျိုးကို ငဲ့ညှာပြီး ဈေးကွက်ထဲကို သရက်သီးရဲ့ အနံ့အရသာနဲ့ အထားခံနိုင်မှု အခြေအနေကို တွက်ဆပြီး အမှန်တကယ် ရင့်တဲ့အသီးတွေကိုသာ ခူးဆွတ်တင်ပို့ရောင်းချကြဖို့ အသင်းအနေနဲ့ သရက်စိုက်တောင်သူတွေကိုယ်စား ကြေညာချက်ထုတ်ပြန်ပြီး မေတ္တာရပ်ခံထားပါတယ်” ဟု ၎င်းက ပြောသည်။

 

လက်ရှိမူဆယ်ဈေးကွက်တွင် စိန်တလုံးသရက်သီးများအား ကားခနှင့် ခြင်းဖိုးမပါဘဲ ၁၆ ကီလိုဂရမ် တစ်ခြင်းလျှင် အသားတင် ပေါက်ဈေး ကျပ် ၂၅၀၀၀ ဝန်းကျင် ရရှိနေပြီး ကိုဗစ် - ၁၉  ရောဂါ အခြေအနေကြောင့် ဈေးကွက်ကို ထိခိုက်မှုမရှိသော်လည်း သရက်သီးများအား အိတ်စွပ်ရန်အတွက် သရက်ခြံများရှိရာ ကျေးရွာများသို့ အလုပ်သမားများ ဝင်ရောက်ရန် အခက်အခဲများနှင့် သရက်သီးမှ အနှစ်ထုတ်လုပ်မည့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် လုပ်သားခက်ခဲမှု ပြဿနာများရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

လာမည့်ရက်ပိုင်းအတွင်း၌ မြင်းခြံ၊ မလှိုင်မြို့နယ်များမှ ထွက်ရှိလာမည့် စိန်တလုံးသရက်များ ဈေးကွက်သို့ ထပ်မံဝင်ရောက်လာမည့်အပြင် မေလအတွင်း၌ အရည်အသွေး အကောင်းဆုံး စိန်တလုံးများ ဈေးကွက်အတွင်း လှိုင်လှိုင်ပေါ်ထွက်လေ့ရှိကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ သရက် စိုက်ဧက ၃၂၅၇၅ ဧက ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)