ငါ့သရောက် ၁၈ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြစ်ရေတင်ဖြင့် စိုက်ပျိုးထားသည့် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ တောင်ဖက်တန်းကွင်း ပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်းကာ ဆွတ်ခူးရောင်းချချိန် ဈေးနှုန်းကောင်းရန် မျှော်လင့်နေကြကြောင်း နွေပဲတီစိမ်းစိုက်တောင်သူ ဦးဆန်းကျော်ကပြောကြားသည်။
“ မနှစ်က နွေပဲတီစိမ်းပေါ်ချိန် တစ်တင်း ၃၉၀၀၀ ကျပ် ရောင်းချရပြီး ပဲတီစိမ်းစိုက်တောင်သူများအကြိုက် ဈေးနှုန်းဖြစ်ခဲ့ကြောင်း၊ ဒီနှစ်ပဲတီစိမ်းပေါ်ချိန် မနှစ်က ဈေးနှုန်းမျိုးရရန် တောင်သူတွေ မျှော်လင့်နေကြကြောင်း” နွေပဲတီစိမ်းစိုက်တောင်သူ ဦးဆန်းကျော်ကပြောကြားသည်။
နွေပဲတီစိမ်းကို ဖေဖော်ဝါရီ လလယ်လောက်တွင် စတင်စိုက်ပျိုးကြကာ စိုက်ပျိုးပြီး လေးဆယ့်ငါးရက်ရှိလျှင် ပဲတီစိမ်းအဖူး၊ အပွင့်များ စတင်ပွင့်သည်။ ယင်းနောက် ရက်ခြောက်ဆယ် (နှစ်လ) ပြည့်လျှင် စတင်ခူးဆွတ်ရပြီး ထွက်ရှိလာသည့် နွေပဲတီစိမ်းများအား ပခုက္ကူဈေးကွက်သို့ ရောင်းချကြကြောင်း သိရသည်။ ငါ့သရောက်မြစ်ရေတင်မှ ရေသွင်းခ တစ်ဧကလျှင် နွေပဲတီစိမ်း တစ်သီးအပြီးထိ သုံးထောင်ကျပ် ပေးသွင်းရသည်။ ရေသွင်းအကြိမ်ရေ ငါးရေ၊ ခြောက်ရေထိ သွင်းပေးရပြီး နွေပဲတီစိမ်းဆွတ်ခူးချိန် ဈေးနှုန်းကောင်းရန် ငါ့သရောက် လျှပ်စစ်မြစ်ရေတင် ပဲတီစိမ်းစိုက်တောင်သူများ မျှော်လင့်နေကြသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း