ဧပြီ ၁၈

အာရှဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ ကျင်းပမှုကို ရပ်နားထားပြီး ရောဂါထိန်းချုပ်နိုင်ခြင်း မရှိသေးသောကြောင့် ရွှေ့ဆိုင်းထားသည့် ကာလကို ထပ်မံတိုးမြင့်ခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်ရက်ပိုင်းက ပြိုင်ပွဲရပ်နားထားသည့် ကာလကို ထပ်မံတိုးမြင့်ခဲ့ခြင်း ဖြစ်ပြီး ဇွန်လကုန်အထိ ရပ်နားသွားမည်ဖြစ်သည်။ ယခင်က ဧပြီလကုန်အထိသာ ရပ်နားထားသော်လည်း AFC Cup ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ ရှိနေသောကြောင့် ပြိုင်ပွဲအား ပြန်လည်စတင်နိုင်ခြင်းမရှိရာ ရွှေ့ဆိုင်းသည့်ကာလကို တိုးမြင့်ခဲ့ခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ် AFC Cup ပြိုင်ပွဲကို ဇုန်အလိုက်ခွဲ၍ ကျင်းပလျက်ရှိပြီး အာဆီယံဇုန် အုပ်စုသုံးခုမှာ ပထမအကျော့ ပြီးဆုံးသွားပြီဖြစ်သော်လည်း အချို့အုပ်စုများမှာမူ ပွဲအနည်းငယ်သာ ကစားရသေးသလို အုပ်စုအချို့မှာလည်း တစ်ပွဲမျှပင် ကစားရခြင်းမရှိသေးကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ရွှေ့ဆိုင်းထားသည့်ကာလကို ထပ်မံတိုးမြင့်ထားသော်လည်း ပြန်လည်ကျင်းပမည့် ကာလကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်သည့် ကာလမှသာ ပြန်လည်ကျင်းပမည်ဖြစ်သည်။ လက်ရှိအနေအထားအရ ဇူလိုင်မှသာ အစောဆုံးကျင်းပနိုင်ဖွယ် ရှိနေပြီး ရောဂါဖြစ်ပွားမှုနူန်း ထိန်းချုပ်နိုင်ခြင်း မရှိပါက ပြိုင်ပွဲရပ်နားသည့် ကာလမှာလည်း ထပ်မံကြာရှည်ဖွယ် ရှိနေသည်။

ယခုနှစ် AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ် အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ပထမအကျော့အပြီး ရပ်တည်မှုအရ ရန်ကုန်အသင်းသည် နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက် ရှိနေသော်လည်း ရှမ်းယူနိုက်တက်အသင်းမှာမူ ရုန်းကန်ရမည်ဖြစ်သည်။

ရန်ကုန်အသင်းသည် အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို) တို့နှင့် ကျရောက်နေပြီး ပထမအကျော့အပြီးတွင် ဟိုချီမင်းစီးတီးနှင့် ရန်ကုန်အသင်းက ခုနစ်မှတ်စီ၊ ဟောင်အန်အသင်းက သုံးမှတ်ရထားကာ လာအိုတိုယိုတာအသင်းမှာ အမှတ်မရသေးပေ။ ရန်ကုန်အသင်းသည် ပထမအကျော့ သုံးပွဲစလုံး အိမ်ကွင်းကစားခဲ့ရပြီး ဟိုချီမင်းစီးတီးနှင့် နှစ်ဂိုးစီ သရေကျသော်လည်း ဟောင်အန်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ လာအိုတိုယိုတာအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရထားသည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (H) တွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ မာကာဆာ (အင်ဒိုနီးရှား) တို့နှင့် ကျရောက်နေပြီး ပထမအကျော့အပြီးတွင် တမ်ပနိစ်ရိုဗာအသင်းက ခုနစ်မှတ်၊ ကာယာအသင်းက ငါးမှတ်၊ မာကာဆာအသင်းက လေးမှတ်ရထားပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ အမှတ်မရသေးပေ။ရှမ်းယူနိုက်တက်အသင်းသည် ပထမအကျော့ပွဲစဉ်များတွင် ကာယာအသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိ၊ မာကာဆာအသင်းကို အဝေးကွင်း၌ သုံးဂိုး-တစ်ဂိုး၊ တမ်ပနိစ်ရိုဗာအသင်းကို အဝေးကွင်း၌ နှစ်ဂိုး-တစ်ဂိုးတို့ဖြင့် ရှုံးနိမ့်ထားသည်။ ရန်ကုန်အသင်းသည် ဒုတိယအကျော့ သုံးပွဲစလုံးကို အဝေးကွင်း ကစားရမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းတစ်ပွဲ ကစားရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်