mdn

နေပြည်တော် ၁၉ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ ပြည်သူများ မိမိနေအိမ်တွင်နေထိုင်ရန် အမိန့်တစ်ရပ်ကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ရည်ရွယ်ချက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ဖြစ်သည်။ တစ်ဖက်တွင်လည်း အမိန့်တွင် အကျုံးဝင်သည့် မြို့နယ်များအတွင်း နေထိုင်ကြသည့် ပြည်သူများ မဖြစ်မနေဆောင်ရွက်ကြရမည့် ကိစ္စများအတွက်မူ ကန့်အသတ်ဖြင့် ခွင့်ပြုထားသည်။ မလိုအပ်ဘဲ အပြင်မထွက်ဖို့က အဓိကဖြစ်ပြီး လိုက်နာကျင့်သုံးကြခြင်းဖြင့် မိမိအတွက်ရော အများအတွက်ပါ အကျိုးပြုနိုင်မည်ဖြစ်သည်။

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးက လေထုထဲမှတစ်ဆင့် ကူးစက်နိုင်သလို အရာဝတ္ထု များကို ကိုင်တွယ်ထိတွေ့မိကြရာမှလည်း ကူးစက်နိုင်ကြောင်း တောရော မြို့ပါ လူတိုင်းလောက်နီးနီး သိရှိနားလည်ထားကြပြီးဖြစ်သည်။ သို့ရာတွင် ဗိုင်းရပ်စ်ပိုးသည်လည်းကောင်း၊ ဗိုင်းရပ်စ်ကူးစက်ခံ ရမှုကြောင့် ခံစားရသည့် ရောဂါဝေဒနာသည်လည်းကောင်း မမြင်နိုင်မတွေ့ နိုင်သည့်အလျောက် မျက်ကန်းတစ္ဆေ မကြောက် သည့်သဖွယ် အလေးဂရုမပြုကြသူလည်း အများအပြားရှိနေ သည်ကို တွေ့ရသည်။

 

ကိုဗစ်-၁၉ ရောဂါ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် ကူးစက်ပျံ့နှံ့မှုများဖြစ်ပွားခဲ့သည့် ရာဇဝင် များအရ မိတ်ဆွေချင်း သာမန်ပြောဆိုက်ဆံခြင်း၊ မိသားစုဝင်များအတွင်း ဆက်ဆံခြင်း၊ လုပ်ငန်းခွင်၌ ဆက်ဆံခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်း စသည်ဖြင့် လူလူချင်း ပြောဆိုဆက်ဆံမှု၊ သာမန် သွားလာမှုများမှ ကူးစက်ခြင်းဖြစ်သည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၌ မိမိတို့ ဖတ်ရှုကြားသိကြရပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဖြတ်တောက်ရန်မှာ လူများအချင်းချင်း ၊ ထိတွေ့မှု၊ ပြောဆိုဆက်ဆံမှုတို့ကို လျှော့ချရန်၊ အကွာအဝေးကိုရောဂါပိုးမကူးစက်နိုင်သည့် အကွာအဝေးထိ ခွာပြီးနေကြရန်း အခြားသူမှ မိမိထံသို့လည်းကောင်း၊ မိမိထံမှ အခြားသူထံသို့ လည်းကောင်း ကူးစက်မှုမရှိစေရန်အတွက် ပါးစပ်နှင့် နှာခေါင်း စည်းကို အပြင်ထွက်တိုင်း တပ်ဆင်ထားရန် လိုအပ်လာသည်။

 

ယခုအခါ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ မြို့ရွာများတွင် လူဝင်လူထွက်များ ကန့်သတ်ခြင်း၊ မြို့ရွာတွင်းမဝင်မီ ကိုယ်ပူချိန် တိုင်းခြင်း၊ လက်ဆေးစေခြင်း၊ ပါးစပ်နှာခေါင်းစည်းတပ်စေခြင်း၊ ပြည်ပနှင့် အခြားဒေသတစ်ခုခုမှ ပြန်လာသည့် ဒေသခံများကို စောင့်ကြည့်ခြင်း၊ အရောင်းအဝယ် ထူထပ်များပြားသည့် ဈေးများကို ခွဲထုတ်ကာ ဈေးရောင်းဈေးဝယ်များ အကြား ခပ်ခွာခွာရောင်းဝယ်စေခြင်း၊ ပိုးသတ်ဆေးများပက်ဖျန်းခြင်း စသည်တို့ကို တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ ရပ်ဖများ၊ သခံပြည်သူများ၏ စုပေါင်းအင်အားဖြင့် ဆောင်ရွက် လျက်ရှိရာ အားလုံး၏တစ်ခုတည်းသောဦးတည်ချက်မှာ ကူးစက် ရောဂါကြိုတင်ကာကွယ်ရေးအတွက်ဖြစ်သည်။

 

မိမိတို့ရင်ဆိုင်နေရသည့် ဘုံရန်သူမှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပြီး ယခင်က ကြုံတွေ့ခဲ့ရဖူးခြင်းမရှိသည့် ရာဂါ ပိုးမွှားသစ်ဖြစ်သည့်အလျောက် ကာကွယ်ရန်ဆေး၊ ကုသရန်ဆေးတို့မှာလည်း ရှာဖွေအဆင့် စမ်းသပ်ဆဲ အဆင့်မှာသာ ရှိသေးသည်။ ဆေးမရှိသေးသည့်အိကို ကြိုတင်ကာကွယ်ခြင်းဖြင့်သာ ရှောင်ရှားကြရမည်ဖြစ်ပြီး ကြိုတင်ကာကွယ်ရန်မှာ လည်း မိမိတို့၏ နေ့စဉ်ပြုလုပ်နေကျ အလေ့အထ၊ အမူအကျင့် တချို့ ကို ထိန်းချုပ်ကြရမည့် နည်းလမ်းကသာ အကောင်းဆုံး ဖြစ်နေသည့်အလျောက် မလိုအပ်ဘဲ အပြင်မထွက်ခြင်း၊ မိမိ အိမ်မှာသာ နေကြခြင်းဖြင့် ကပ်ရောဂါကို ကျော်လွှားနိုင်ကြ ပါစေကြောင်း။ ။

 

မြန်မာ့အလင်း