နေပြည်တော် ၁၉ ဧပြီ
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် နှစ်သစ်သည် မြန်မာပြည်အတွက် မင်္ဂလာရှိသော နှစ်တစ်နှစ်ဟု ဆိုရမည်ဖြစ်သည်။ တစ်ကမ္ဘာလုံးကြုံတွေ့နေရသောရောဂါကပ်ဘေးကြီးကြားမှ မြန်မာနိုင်ငံအနေဖြင့် အစဉ်အလာတည်ရှိသော သင်္ဂဟတရားနှင့်အညီ မင်္ဂလာအပေါင်းနှင့် ခညောင်းအောင် တစ်နိုင်ငံလုံး လွှမ်းခြုံ ဆောင်ရွက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
“သင်္ဂဟ” ဆိုသည်မှာ သူတစ်ပါးအား ချီးမြှင့်ခြင်းကို ဆိုသည်။ တစ်ဦးနှင့် တစ်ဦးဆက်ဆံကြရာတွင် ဤသင်္ဂဟတရားသည် အလွန်အရေးကြီးသည်။ အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့် ပြည်သူဆက်ဆံကြရာ၌ သင်္ဂဟတရားဖြစ်သည့် ဒါန - ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှင့်ခြင်း၊ ပေယျဝစ္စု - ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှင့်ခြင်း၊ အတ္ထစရိယာ - သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှင့်ခြင်း၊ သမာနတ္တတာ - ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှင့်ခြင်းတို့ဖြင့် ဆက်ဆံပါက ဤတိုင်းနိုင်ငံသည် သာယာငြိမ်းချမ်းမည်သာ ဖြစ်သည်။
မြန်မာနိုင်ငံတွင် မင်္ဂလာရှိသော နှစ်သစ်ကူးပြောင်းသည့်ကာလ ကပ်ရောဂါဆိုးကြီးနှင့် တိုက်ဆိုင်ကြုံတွေ့ နေရသော အချိန်အခါ၌ နဂိုရှိရင်းစွဲ သင်္ဂဟတရားများကို အစိုးရနှင့်ပြည်သူ၊ ပြည်သူနှင့်ပြည်သူ ကြည်ဖြူစွာ ဆက်ဆံပြုမူနေကြသည်ကို မင်္ဂလာရှိစွာ မြင်တွေ့ကြရခြင်းအားဖြင့် ကပ်ရောဂါနှင့်ဆက်စပ်သည့် ဒုက္ခဆင်းရဲ အပေါင်းမှ အချိန်ကာလမကြာဘဲ လွန်မြောက်ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
မြန်မာနိုင်ငံသည် သင်္ဂဟတရားများ ထွန်းကားရင်းစွဲရှိသည့် နိုင်ငံဖြစ်သည်။ ကပ်ရောဂါဘေးကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရင်ဆိုင်နေရသည်ဖြစ်သော်ငြားလည်း အခြားနိုင်ငံကြီးများကဲ့သို့ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခြင်း မရှိသေးဘဲ ဖြစ်ပေါ်နေသည့်အတိုင်းအတာ၌ပင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ဖေးမ ကူညီစောင့်ရှောက်ကြ သည်မှာ သင်္ဂဟတရားနှင့်အညီ ဖြစ်သည်။
ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အစိုးရနှင့် ပြည်သူတို့က စိတ်ရော ကိုယ်ပါ စေတနာသဒ္ဓါထက်သန်စွာဖြင့် ပေးကမ်း ချီးမြှင့်ထောက်ပံ့ကြသည်မှာ များစွာဝမ်းမြောက်ကြည်နူးဖွယ်ဖြစ်သည်။ ရောဂါနှင့်ပတ်သက်၍ နောက်ဆက်တွဲအကျိုးဆက်များကြောင့် အခြေခံ ပြည်သူများ စားရေး သောက်ရေး အခက်အခဲဖြစ်နေ၍ နိုင်ငံတစ်ဝန်းတွင် စားသောက်ကုန်များ ဖြန့်ဝေထောက်ပံ့ပေးကြသည်မှာ ကာလဒါန ပြုလုပ် ခြင်းဖြစ်သည်။ ရောဂါနှင့်ပတ်သက်၍ တာဝန်အရဖြစ်စေ၊ စေတနာ့ဝန်ထမ်း အရဖြစ်စေ သူတစ်ဦးအား ကိုယ်နှင့်ထပ်တူ ပြုစုစောင့်ရှောက်ကြခြင်းဖြစ်၍ အလွန်မွန်မြတ်သော လုပ်ဆောင်မှုများဖြစ်သည်။
ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်း အမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထား သောအားဖြင့်လည်းကောင်း မြန်မာပြည်တစ်ဝန်းရှိ အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီးရှိ အကျဉ်းသူ အကျဉ်းသားများအား ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း တို့ပြုလုပ်ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့သည်။
ပြည်သူ ပြည်သားများ ရောဂါဘေးမှကင်းဝေးပြီး စိတ်အေးချမ်းသာ စေရေးအတွက် အစိုးရနှင့်ပြည်သူ၊ ပြည်သူနှင့်ပြည်သူ သင်္ဂဟတရားများနှင့် အညီ ချီးမြှင့်ထောက်ပံ့ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးကြသည်မှာ ကောင်းသောမင်္ဂလာအဖြာဖြာဖြစ်၍ ချီးမြှင့်ထောက်ပံ့ကူညီစောင့်ရှောက်ပေးသူများကို ကျန်ပြည်သူပြည်သား များက ဂုဏ်ပြု အသိအမှတ်ပြုကြရမည် ဖြစ်သလို ထိုစေတနာအား ပြန်လည်တုံ့ပြန်ကြပြီး ထုတ်ပြန် ထားသော အမိန့်၊ ညွှန်ကြားချက်များကို လေးစားလိုက်နာခြင်းဖြင့် ပြန်လည်ကူညီကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာပြည်သည် သင်္ဂဟတရားထွန်းကားသည့် မင်္ဂလာအပေါင်းနှင့် ခညောင်းသော နိုင်ငံဖြစ်သည် နှင့်အညီ သင်္ဂဟတရားလေးပါးနှင့် ချီးမြှင့်ထောက်ပံ့ ကူညီစောင့်ရှောက်နေကြသည်ကို ဝမ်းမြောက်နုမော် သာဓုခေါ်ကြပြီး ကြုံတွေ့နေရသော ကပ်ဘေးရောဂါ၊ ဒုက္ခဆင်းရဲအပေါင်းမှ ပြည်သူ ပြည်သားအပေါင်းတို့ လွတ်မြောက်ရေးအတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားများ ထွန်းကားအောင် ဆက်လက်အားထုတ်လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ