ကျွန်းစု ၁၉ ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ဖြစ်ပွားနေချိန်အတွင်း ဈေး၌ ဈေးရောင်း/ဝယ်သူများထံသို့ ရောဂါပိုးများ ကူးစက်ပြန့်ပွားမှုမရှိစေဘဲ အခြေခံစားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောင်းဝယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေး ကြော်ငြာချက် ဗီနိုင်းများကပ်ခြင်းနှင့် ဈေးရောင်းသူ/ဝယ်သူများ နှာခေါင်းစည်းများဖြန့်ဝေခြင်းကို ကျွန်းစုမြို့ မြို့မဈေးအတွင်း၌  ဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

332

 

ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းညွှန့်နှင့် ဝန်ထမ်းများက ဈေးရောင်းသူ/ဝယ်သူများ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြု၍ (၆)ပေ အကွာမှ ဝယ်ယူရောင်းချနိုင်ရေး၊ သတ်မှတ်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဒဏ်ကြေးသတ်မှတ်၍ အရေးယူမည်၊ စသောအချက်များပါဝင်သော ဗီနိုင်းများကို ဈေးအတွင်း/အပြင် မြင်သာသည့် နေရာများ၌ကပ်ပြီး ဈေးသို့လာသူများကို နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

မြို့မဈေးတွင် အဝင်/အထွက်ပေါက်များ၌ လက်ဆေးသည့်နေရာများ ပြုလုပ်ထားရှိပြီး ဈေးအတွင်းတွင် အခြေခံ စားသောက်ကုန် (ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်)ဆေးဝါး၊ ဆပ်ပြာတို့မှအပ အခြားရောင်းကုန်များ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချမှု ခွင့်မပြုထားကြောင်း၊ ဈေးဖွင့်ချိန်သည် နံနက်(၆)နာရီမှ မွန်းတည့် (၁၂)နာရီအချိန်ထိ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။

 

မင်းကျော်စော(ပြန်/ဆက်)