ပင်လုံ ၁၉ ဧပြီ
လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခြင်းမှ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ခရီးသည်တင်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များပေါ်ရှိ ခရီးသည်များအား ပင်လုံမြို့ အ.ထ.က(၁) ကျန်းမာရေးစစ်ဆေးပေးသည့်နေရာ၌ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ ဧပြီ ၁၉ ရက် နံနက် ၈ နာရီက အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ပင်လုံမြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊ လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်တို့၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာစုပေါင်းအဖွဲ့များ၊ ပင်လုံမြို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်ဉီးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက် လူမှုကူညီရေးအဖွဲ့များပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ဟင်းသီးဟင်းရွက်ရောင်းသည့် ယာယီစျေးနေရာအား ပင်လုံမြို့ မီးတပ်သတ်ဖွဲ့ဝင်များက ပြည်သူလူထုများ COVID-19 ရောဂါ ကူးစက်ခြင်းမှ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နန်းမြင့်မြင့်ဆွေ (ပင်လုံ ပြန်/ဆက်)