လောက်ကိုင် ၂၀ ဧပြီ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ယမန်နေ့က မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဝင်ပေါက်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား ၃၂၁ ဦးအား စောင့်ကြည့်ရေးစခန်းများ၌ အသီးသီးထားရှိပြီး ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ နပ်စပ်ဂိတ် ရန်လုံကျိုင်း နယ်စပ်ဝင်/ထွက်ပေါက်ဂိတ်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နပ်စပ်ဂိတ် ချင်းရွှေဟော် မြို့ နမ့်ဖာဟော် နယ်စပ်ဝင်/ထွက်ပေါက်ဂိတ် တို့မှ ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသားများအား စောင့်ကြည့်ရေးစခန်းများတွင် ထားရှိဆောင်ရွက်လျက်ရှိရာ ခရိုင်မိုးလုံလေလုံ အားကစားရုံတွင် ၁၄၀ ဦး ၊ အ.ထ.က (၁)ကျောင်းတွင် ၈၃ ဦး ၊ နတလ ( လူငယ်) ကျောင်းတွင် ၆၇ ဦး ၊ နတလ (စက်မှု)ကျောင်းတွင် ၂၇ ဦး၊ ဟိုတယ်တွင် ၄ ဦး ၊ စုစုပေါင်း ၃၂၁ ဦး ဖြစ်ပြီး ၎င်းတို့အား စောင့်ကြည့်ရေးစခန်းများတွင် ၂၁ ရက် ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် နေရပ်ပြန် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအသောက်၊ နေရာထိုင်ခင်းများ အဆင်ပြေစေရေးလိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဇော်ဇော်အောင်(ပြန်/ဆက်)