ပွင့်ဖြူ ၂၀ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ရုံးဝန်ထမ်းများနှင့် လျှပ်စစ်မီတာခ လာရောက် ပေးဆောင်ကြသည့် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်မီတာခ လာရောက် ပေးဆောင်ရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ရုံးခြံဝန်းအဝင်ဝ၌ ဝင်ပေါက်နှင့် ထွက်ပေါက် သီးခြားထားရှိ ပေးထားသည့်အပြင် ဆိုင်ကယ်၊ စက်ဘီးများ စနစ်တကျ ရပ်တန့်နိုင်ရေးအတွက်လည်း နေရာများစီစဉ်ဆောင်ရွက်ထားရှိ ပေးထားကြောင်း သိရသည်။ ထို့အပြင် ရုံးအတွင်း လျှပ်စစ်မီတာခ ပေးဆောင်ခြင်းစနစ်အား တစ်ကြိမ်လျှင် လူ(၈)ဦးသာ ဝင်စေပြီး မီတာခပေးဆောင်ခွင့်ပြုကြောင်း၊ မီတာခမပေးသွင်းမီ အရင်ဦးဆုံး ရုံးဝန်ထမ်းများက အပူချိန်တိုင်းကိရိယာဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လက်ဆေးဘေစင်တွင် စနစ်တကျ လက်ဆေးစေခြင်းနှင့် လူတစ်ဦးနှင့် တစ်ဦး (၆)ပေအကွာ ပြုလုပ်ထားရှိသောနေရာတွင် အလှည့်ကျ စောင့်ဆိုင်း၍ မီတာခ ပေးဆောင်စေကြောင်း သိရသည်။
ယင်းသို့ မီတာခငွေများ ပေးဆောင်ခြင်းအား လက်ခံဆောင်ရွက်ပေးရာတွင် ရုံးဝန်ထမ်းများ ကိုဗစ် - ၁၉ ရောဂါနှင့် ပက်သက်ပြီး အန္တရာယ်ကင်းဝေးစေရေးအတွက် မီးတာခကျသင့်ငွေ ဖြတ်ပိုင်းနှင့် မီတာခပေးသွင်းငွေများကို ပလပ်စတစ်ဇကာခြင်းဖြင့် လက်ခံရယူပြီး ငွေစက္ကူမှတစ်ဆင့် ပိုးမွှားရောဂါ ကူးစက်မှုမဖြစ်စေရန် ကျသင့်ငွေစက္ကူအား အပူပေးစက်ဖြင့် စက္ကန့်(၃၀)ခန့် အပူပေးပြီး၍ ငွေလက်ခံသူ ဝန်ထမ်း(၂)ဦးက လက်ခံရယူ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် (ရုံးဆင်းချိန်) လုပ်ငန်းခွင်ပြီးဆုံးသည့်အခါတိုင်း ရုံးဝန်းအတွင်း ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကိုလည်း နေ့စဉ်မပြတ် ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)