ပွင့်ဖြူ ၂၀ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကုန်းဇောင်းကျေးရွာအုပ်စု၊ စိန်ပန်းကျေးရွာတွင် ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းမှ ထောက်ပံ့ငွေကျပ် သိန်း(၁၀ဝ)ဖြင့် ကျေးရွာတွင်းလမ်းအရှည်ပေ ၃၅၀ဝ အား မြေနီကျောက်စရစ် လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်း ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ် စိန်ပန်းကျေးရွာရှိ ကျေးရွာအဝင်လမ်းသည် မိုးတွင်းကာလများတွင် ရွှံ့ဗွက်များဖြင့် ကျေးရွာနေ ပြည်သူများ သွားလာရေးအခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ရာသီမရွေး သွားလာနိုင်ရေး မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ရန် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းမှ ငွေကျပ် သိန်း ၁၀ဝ ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာပြည်သူလူထုမှ ငွေကျပ် (၆)သိန်း ထည့်ဝင်၍ လမ်းအကျယ် ၁၂ ပေ ၊ ထု ၉ လက်မ မြေနီကျောက်စရစ်လမ်းအဖြစ် ယခုလဆန်းပိုင်းက စတင်၍ အဆင့်မြှင့်တင်ဖောက်လုပ်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် (၇၅)ရာခိုင်နှုန်း ဖောက်လုပ်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စိန်ပန်းကျေးရွာသည် အိမ်ခြေ ၁၃၀ အိမ်၊ လူဦးရေ ၄၉၀ ခန့်ရှိကာ ကျေးရွာနေပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရသည်။ ယခုဆောင်ရွက်သည့် ကျေးရွာအဝင်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေး မြို့နယ်လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ အနီးကပ်ကြီးကြပ်၍ ကျေးရွာနေပြည်သူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာပေါင်း (၁၆)ရွာ စိစစ်ရွေးချယ်၍ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး(VDP) စီမံကိန်းထောက်ပံ့ငွေကျပ် သိန်း ၁၀ဝ စီဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း(၁၆)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)