ဒေးဒရဲ  ၂၀   ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေ:ဒရဲမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား အသွားအလာကန့်သတ်ခြင်း ပြုလုပ်သည့် နေရာများ ဖွင့်လှစ်၍ ၂၁ ရက်စောင့်ကြည့်ခြင်းပြုလုပ်ခဲ့ရာ ဒေးဒရဲမြို့ပေါ်ရှိ စခန်း(၃)ခုတွင် စောင့်ကြည့် (၂၄)ဦးရှိသည့်အနက် ယမန်နေ့တွင် စောင့်ကြည့်ရက်ပြည့်သူ (၁၆) ဦးအား နေရပ်များသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

 

စောင့်ကြည့်ရက်ပြည့်၍ နေရပ်သို့ ပြန်လည်စေလွှတ်ခံရသူများအား မြို့နယ်  ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးထက်မြက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ ကျန်းမာရေးနှင့် ပတ်သက်သော လိုအပ်သည့် ကိစ္စရပ်များနှင့် ဆောင်ရန် ရှောင်ရန်များ၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး မိမိနေရပ်သို့ ရောက်ရှိပါက လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးမှာကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်များကို တစ်ဦးချင်းစီသို့ ပေးအပ်၍ မိမိတို့ နေရပ်သို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ စောင့်ကြည့်စခန်း(၃)ခုတွင် ကျန်ရှိသည့် (၈)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသူများအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်ဆက်)