ဖားကန့် ၂၀ဧပြီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ တောင်ပြိုနှင့်ဗလခ မှော်ရွာအနီးရှိ သက်တမ်းကုန်လစ်လပ်လုပ်ကွက်မှ အမြင့်ပေ ၃၀ဝ၊ အကျယ်ပေ ၁၀ဝ ခန့်ရှိ ကျင်းကမ်းပါးပြိုကျမှု ယနေ့နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ကျင်းကမ်းပါး ပြိုကျမှုတွင် မြေစာများနှင့် ဖုံးအုပ်ပါသွားသူများရှိ/မရှိ စုံစမ်းစစ်ဆေးနေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကျင်းကမ်းပါးပြိုကျရာ နေရာ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဖားကန့်/လုံးခင်း ကျောက်စိမ်းရုံးမှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၏ ရှာဖွေမှုအရ ကျင်းကမ်းပါး အောက်ခြေတွင် မည်သူမည်ဝါမှန်း မသိရသေးသည့် ရေမဆေးကျောက်ရှာဖွေသူတစ်ဦး၏ အသက်မဲ့ခန္ဓာကိုယ်အား တွေ့ရှိထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် တောင်ပြို၊ ဗလခနှင့် အနီးအနားရှိမှော်ရွာတို့၌ ကျင်းကမ်းပါးပြိုကျမှု ဖြစ်စဉ်တွင် ပါဝင်သွားသူများရှိ/မရှိ ပျောက်ဆုံးသူများရှိ/မရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရုံးသို့ လာရောက်စာရင်းပေး ပြောကြားပေးရန် အော်လံ(လော်စပီကာ)ဖြင့်လိုက်လံအသိပေးနေကြောင်း တောင်ပြိုကျေးရွာ တာဝန်ခံ ဦးသန်းရွှေထံမှ သိရသည်။
ကျင်းကမ်းပါးပြိုကျမှုဖြစ်စဉ်ဖြစ်ပွားရာ ဒေသအနီး ကျေးရွာများမှ ပျောက်ဆုံးစာရင်း လာရောက် တိုင်ကြားသူ လေးဦးရှိပြီး အဆိုပါနေရာအား ဘက်ဟိုးယာဉ် ၃ စီးဖြင့် ရှာဖွေရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျင်းကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာသည် ယခင်က သီဟနှင့်ညီအစ်ကိုများ အကျိုးတူကျင်းဟောင်းဖြစ်ပြီး လက်ရှိတွင် လုပ်ကွက်သက်တမ်းရှိသည့် ပိုင်ဖြိုးသီဟ ပုဂ္ဂလိက ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှ မိုင်းပိတ်သိမ်းခြင်းလုပ်ငန်းအရ ကျင်းဟောင်းကိုမြေစာဖို့ရာမှ ဒိုင်ကျန်(မြေသားထုအကာအကွယ်)ချန်ထားသည့် မြေစာပါးသည့်အတွက် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်/လုံးခင်း ကျောက်စိမ်းရုံး တာဝန်ခံထံမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


