ရန်ကုန် ၂၀ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ်၌ ဖွင့်လှစ်မည့် ကိုဗစ်-၁၉ ကုသရေး စင်တာတွင် လုပ်အားပေးတာဝန်ထမ်းဆောင်ရန်အတွက် မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်းမှ ပထမအသုတ် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်- ၁၉ ကုသရေးစင်တာ (ဖောင်ကြီး)သို့ ထွက်ခွာသွားကြောင်း သိရသည်။
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းကို ကိုယ်စားပြုသော အဆိုပါကျန်းမာရေးအဖွဲ့တွင် SSC ဆေးရုံနှင် ပင်လုံ ဆေးရုံတို့မှ အဖွဲ့ခေါင်းဆောင် ၂ ဦး၊ ဆရာဝန် ၁၀ ဦး၊ သူနာပြုဆရာမ သူနာပြုအကူ ၃၅ ဦး၊ ဆေးဝါးကျွမ်းကျင် ၁ ဦး၊ ဆေးဝါးကျွမ်းကျင်အကူ ၆ ဦး၊ ဓာတ်မှန်ကျွမ်းကျင်အကူ ၃ ဦး၊ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်း ၆ ဦး၊ အိပ်ဆောင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဝန်ထမ်း ၈ ဦး၊ ယာဉ်မောင်း ၁ ဦး အပါအဝင် စုစုပေါင်း ၇၂ ဦး ပါဝင်ကြောင်း သိရသည်။
“ကျွန်မတို့အနေနဲ့ Safety အတွက်ကို အကုန်လုံးစီစဉ်ပြီးတော့မှ သွားတာပါ။ နောက်ကနေ supporting လုပ်မယ့် သူတွေလည်း ပါပါတယ်။ ဒီဘက်မှာလည်း PPE Training တွေအကုန်လုပ်ပြီးတော့မှ သွားတာပါ။ ဟိုရောက်ရင်လည်း Training တွေ ထပ်လုပ်ပေးမှာပါ။ ဒီ ဆေးရုံဝန်ထမ်းတွေထဲက လုပ်အားပေးမယ့်သူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ အကုန်လုပ်ပြီးတော့မှပဲ ခေါ်သွားတာပါ” ဟု SSC ဆေးရုံမှ မန်နေဂျာ ဒေါ်အေးမိစံက ပြောကြားသည်။
မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်းမှ လုပ်အားပေးတာဝန် ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် (၂)ပတ်လုပ်ငန်းခွင်ဝင် (၂)ပတ်နားစနစ်ဖြင့် ပြုစုကုသရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိလူနာများအား ဝေဘာဂီဆေးရုံတွင် လက်ခံကုသမှုပေးနေရာမှ နေရာမကျန်တော့သည့်အတွက် ထပ်မံရောက်ရှိလာသည့် လူနာသစ်များအား တောင်ဥက္ကလာပမြို့နယ် မိခင်နှင့် ကလေးဆေးရုံတွင် ဆက်လက်ထားရှိကုသပေးလျက်ရှိပြီး အဆိုပါဆေးရုံများတွင် လက်ခံနိုင်သည့် လူဦးရေထက် ပိုမိုလာပါက ကိုဗစ်- ၁၉ ကုသရေးစင်တာ(ဖောင်ကြီး)တွင် လက်ခံကုသပေးမှုများ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ကုသရေးစင်တာ(ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ဆရာဝန် ၅၄ ဦး၊ သူနာပြုနှင့်အခြားဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်း ၂၀ ဦး စုစုပေါင်း ၇၄ ဦး၊ တပ်မတော်ဆေးကုသရေးအဖွဲ့မှ ပထမအသုတ်အနေဖြင့် ၄၀ ဦး၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းမှ ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးကျွမ်းကျင် စုစုပေါင်း ၇၂ ဦးတို့ဖြင့် ကုသမှုလုပ်ငန်းစဉ်များစတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - SSC