မန္တလေး ၂၀ ဧပြီ
မန္တလေး ချမ်းအေးသာစံမြို့နယ်ရှိ ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေး ကုန်စည်ဒိုင်) ကို ဧပြီ ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဖွင့်လှစ်သည့်အချိန်တွင် အသင်းသူ၊ အသင်းသားများသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
"ကုန်စည်ဒိုင်ဖွင့်တဲ့အခါမှာ ပထမဆုံး ကုန်စည်ဒိုင်ကို ဝင်တဲ့သူအားလုံး အပြင်ဘက်မှာ လက်ဆေးပြီးမှ ဝင်ရပါ့မယ်။ ဒုတိယက ကိုယ်အပူချိန်တိုင်းပါ့မယ်။ တတိယအချက်က မှတ်တမ်းတင်ပါ့မယ်။ အကုန်လုံး ပြီးပြည့်စုံမှ ဝင်ခွင့်ပြုပါ့မယ်။ ရောင်းဝယ်တဲ့အခါ၊ ရောင်းဝယ် စကားပြောကြဖို့နဲ့ နမူနာကိုလည်း တစ်ဦးနဲ့တစ်ဦး ပူးကပ်မကြည့်ကြဖို့ ခုံတွေကို အနည်းဆုံး ၃ ပေအကွာ ချဲထားပါတယ်။ ဝင်တဲ့အခါမှာ အရင်တုန်းကလို လူဦးရေ သိပ်မများအောင် အသင်းသားတစ်မျိုးထဲဘဲ ဝင်ခွင့်ပြုထားပါတယ်။ အကယ်လို့ ကိုယ်စားလှယ် ဝင်ချင်တယ်ဆိုရင် ကိုယ်စားလှယ်ဟာ အသင်းသားရဲ့ ကဒ်ကို ယူလာရမှာ ဖြစ်ပါတယ်။ အဲလိုလုပ်ခြင်းအားဖြင့် ကုန်စည်ဒိုင်ထဲမှာ သုံးပုံ နှစ်ပုံလောက် လူလျော့ထားပြီးသား ဖြစ်မှာ ဖြစ်ပါတယ်။" မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
မန္တလေး ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေး ကုန်စည်ဒိုင်)ကို ဧပြီလ ၁၁ရက်နေ့မှ စ၍ ခေတ္တပိတ်ထားပြီး ဧပြီ ၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် မန္တလေးကုန်စည်ဒိုင်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ သက်ရောက်မှုများကြောင့် ပြည်သူများ ကုန်ဈေးနှုန်းအပေါ် စိုးရိမ်မှုလျော့ပါးစေရန်အတွက် ကုလာပဲများကို ကားများဖြင့် လှည့်လည်ရောင်းပေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်


