ရန်ကုန် ၂၀ ဧပြီ
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးကာလမှ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလထိ မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များစုဝေးရာပုဂံ၌ ခရီးသွားရာသီစည်ကားဆုံးနောက်ဆုံးလထိ ခရီးသွားလာမှု ကင်းရှင်းနေသော်လည်း ယနေ့ကြုံတွေ့နေရသော ကပ်ရောဂါမှာ အခိုက်အတန့်သာ ဖြစ်ရာ ပြန်လည်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
ရှေးဟောင်းအမွေအနှစ် စေတီပုထိုးပေါင်း (၃၀ဝ၀) ကျော်ရှိပြီး ပြည်တွင်းပြည်ပ ခရီးသွားအများဆုံး ဝင်ရောက်သော သီတင်းကျွတ်လမှ တန်ခူးလအထိ နှစ်စဉ်စည်းကားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ သက်ရောက်သော ကာလအတွင်း ဧပြီလသည် ခရီးသွားလာမှု ရှင်းလင်းနေခြင်းဖြစ်ရာ ပြည်တွင်း၊ ပြည်ပ ခရီးသွား အများဆုံး ဝင်ရောက်ရာ ထီးလိုမင်းလိုဘုရား၊ ရွှေကူကြီးဘုရား၊ ရွှေစည်းခုံ၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ သဗ္ဗေညု၊ ကန်တောပလ္လင်၊ ဗူးဘုရား၊ လောကနန္ဒာ၊ မနူဟာဘုရား၊ မြစေတီ၊ ဓမ္မရံကြီး၊ ဧရာဝတီတစ်ဖက်ကမ်းရှိ တန့်ကြည်တောင်တို့မှာလည်း ခရီးသွားများ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
(၁၆)မိုင်ပတ်လည် ကျယ်ဝန်းသောပုဂံယဉ်ကျေးမှု ဒေသတွင်ထီးလိုမင်းလိုဘုရားမှာ ယာဉ်များရပ်နားရန်နေရာကျယ်ဝန်းပြီး အရိပ်ရအပင်များရှိသောကြောင့် ခရီးသွားဝင်ရောက်မှု များသောနေရာဖြစ်ရာ ယခုအခါ ခရီးသွားဝင်ရောက်မှုနှင့် စပ်လျဉ်း၍ဘုရားမှအတွင်းရေးမှူးဖြစ်သူ ဦးတင်လှဦးက “အိမ်တွင်းအိမ်ပြင် မထွက်တာကြောင့် ရွာတွေကလည်း ဈေးသည်တွေ မရှိသလို ဘုရားဖူးလည်း မရှိဘူး။ ရွာတွေကအခြေခံပြည်သူတွေ နိုင်ငံတော်ကပံ့ပိုးတဲ့ စားသောက်ကုန်ပစ္စည်းတွေလည်း ရကြပါတယ်။ တစ်သက်မှာတစ်ကြိမ်မျှ အခုလိုမကြုံခဲ့ဘူး။ ပထမလက်ဆေး၊ အပူချိန်တိုင်းပြီး ဘုရားထဲကိုဖူးခွင့်ပြုတယ်။ နောက်ပိုင်းဆေးထောက်ခံချက်ပါမှ ဝင်ခွင့်ပြုတယ်။ ဧပြီလပထမပတ်မှာတစ်ရက်သုံးလေးဦးပဲ လာတယ်။ ဒီရာသီဆိုရင် အလွန်စည်တဲ့ရာသီပေါ့။ တစ်ရက်ကို သောင်းချီပြီး ဘုရားဖူးလာကြတာ။ ပုဂံမှာသီတင်းကျွတ် လကနေ တန်ခူးလကုန်ထိ စည်ကားဆုံးပဲ။ ကိုဗစ်-၁၉ ကြောင့် ဒီလလူကိုရှင်းနေတာပဲ။ ပုဂံဒေသပြန်လည် စည်ကားပြီး ခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်လာဖို့ ဒီကပ်ရောဂါကြီး အမြန်ဆုံးကင်းဝေးပါစေလို့ ဆုတောင်းပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ခရီးသွားအများဆုံး ဝင်ရောက်ရာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ပင်းတယ၊ တောင်ကြီးနှင့် ကရင်ပြည်နယ်၊ မော်လမြိုင်၊ ကော့သောင်းရှိကျွန်းများ၊ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီကျွန်းစသည့် ကမ်းခြေဒေသများ ကိုဗစ်-၁၉ ရောဂါသက်ရောက်မှု အခိုက်အတန့်အတွင်း ခရီးသွားလာမှု ရပ်ဆိုင်းနေသော်လည်း ကမ္ဘာ့ကပ်ရောဂါကြီးပြီးဆုံးသွားပါက ပြန်လည်အသက်ဝင်လာမည်ဖြစ်ရာ မြန်မာ့ခရီးသွား လုပ်ငန်းပြန်လည်ဖွံ့ဖြိုးလာမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းမြင့်က “ခရီးသွားလုပ်ငန်း ဆိုတာအခွင့်အရေးပေးတာနဲ့ ရှင်သန်နိုင်တဲ့ လုပ်ငန်းတစ်ခုပါ။ ကျွန်တော်တို့နိုင်ငံမှာ ခရီးသွားလုပ်ငန်းအတွက် အားလုံးက အဆင်သင့်ရှိပြီးသားပါ။ မျှော်လင့်မထားတဲ့ကပ်ဆိုးကြီး ကမ္ဘာလုံးဆိုင်ရာဖြစ်နေတယ်ဆိုတော့ ဦးစားပေးရမယ့်ဟာ က ဘယ်အရာဆိုတာ စဉ်းစားရမှာပေါ့နော်။ ကျန်းမာရေးဟာ အရေးကြီးတာကြောင့် ဦးစားပေးထိန်းသိမ်းရမယ်လေ။ အားလုံးငြိမ်သွားပြီဆိုရင် ခရီးသွားလုပ်ငန်းက ချက်ခြင်းပြန်ဦးမော့နိုင်ပါတယ်။ ဒီလိုရာသီမှာခရီးသွားမရှိတာ သဘာဝပါပဲ။ အခုချိန်မှာ ပုဂံတင်မကဘူး အားလုံးခရီးသွား လုပ်ငန်းအားလုံး ရပ်နားနေမှာပါ။ တစ်ကမ္ဘာလုံးပါပဲ။ အခိုက်အတန့်ဖြစ်တာကြောင့် ပြန်ပြီးဖွံ့ဖြိုးလာမှာပါ” ဟု ပြောကြားသည်။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး


