ဝေါလေမြိုင် ၂၀ ဧပြီ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ညဘက်အပြင်မထွက်ရအမိန့်ကို ပြည်သူများသိရှိစေရန် ယမန်နေ့က Hand Speaker များဖြင့် မြို့အတွင်း လှည့်လည်၍ အသိပေးကြေညာခဲ့ကြောင်းသိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါသည် အများပြည်သူတို့၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးများကို ထိခိုက်စေသည့်အပြင် အသက်သေသည်အထိဖြစ်ပွားနိုင်သဖြင့် ဝေါလေမြိုင်မြို့ရှိပြည်သူများအနေဖြင့် ညဘက်အပြင်ထွက်ခြင်း၊ လူစုလူဝေးဖြင့်နေထိုင်ခြင်းများကို ဧပြီ ၁၈ ရက်နေ့မှစတင်၍ အမိန့်တစ်စုံတစ်ရာ ထပ်မံထုတ်ပြန်မှု မရှိမချင်း နေ့စဉ် ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း သွားလာခြင်းများ မပြုကြရန် အမိန့်ထုတ်ပြန် ကြေညာခဲ့ကြောင်းသိရသည်။
ထိုသို့ထုတ်ပြန်ထားသော အမိန့်များကို ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဟု အသိပေး ကြေညာခဲ့ကြောင်းသိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)


