ဇမ္ဗူသီရိ ၂၀ ဧပြီ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် စည်ပင်ဧည့်ရိပ်သာ (၁)တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်သည့်အနေဖြင့် စောင့်ကြည့်ခံရသူ မြန်မာနိုင်ငံသား ၄၀၄ ဦးအနက် စောင့်ကြည့်ရက် (၂၁) ရက်ပြည့် မြောက်၍ ကျန်းမာရေးကောင်းမွန်သူ (၁၃၉) ဦးအား ယနေ့နံနက်ပိုင်းက မိမိတို့နေထိုင်ရာ အရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြန်လည်ပို့ဆောင်ပေးရာတွင် နေပြည်တော် တိုင်းကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ Naypyitaw COVID-19 Volunteer Team (NCVT) မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မိမိတို့နေထိုင်ရာ အရပ်ဒေသများသို့ ပြန်လည် ပို့ဆောင် မည့် (၁၃၉) ဦးအား (၂၁) ရက်ကြာစောင့်ကြည့်ခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကင်းရှင်းကြောင်း ထောက်ခံချက် များ ပေးအပ်ခဲ့သည်။
ထိုသို့စေလွှတ်ရာတွင် တပ်ကုန်းမြို့နယ်မှ (၉၁) ဦး၊ လယ်ဝေးမြို့နယ်မှ (၂၉) ဦး၊ ဥတ္တရသီရိမြို့နယ်မှ (၁၂) ဦး၊ ပုဗ္ဗသီရိ မြို့နယ်မှ (၄) ဦး၊ ဇေယျာသီရိမြို့နယ်မှ (၂) ဦး၊ ဇမ္ဗူသီရိမြို့နယ်မှ (၁) ဦး စုစုပေါင်း (၁၃၉) ဦးအား သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် အိမ်အရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)