သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလ ပြီးဆုံးသွားပြီဖြစ်သည်။ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်ရက်ရှည်ကာလများတွင် အလုပ်များ၊ လုပ်ငန်းများရပ်နားထားခြင်း၊ သင်္ကြန်ကာလ လူစုလူဝေးနှင့် ပျော်ရွှင်မှုများကို ဆိုင်းငံ့ထားခြင်းတို့သည် လူစုလူဝေးကြောင့် ကူးစက်နိုင်သောဘေးအန္တရာယ်ကို ဟန့်တားထားလိုက် နိုင်သည်ဟု ဆိုရမည်ဖြစ်သည်။ 

 

ပိတ်ရက်ကာလပြီးဆုံး၍ လုပ်ငန်းခွင်သို့ မဝင်ရောက်မီ ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏အသိပေးထုတ်ပြန်ကြေညာချက်ကို သတိပြုလိုက်နာ ကြရမည် ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါအား ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်ခွင့်ပြုမည်ဟု အသိပေးထားသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် သက်ဆိုင်ရာစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း စစ်ဆေးမှုများပြုလုပ် သွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်၍ စစ်ဆေးဆောင်ရွက်ရာ၌ သတ်မှတ်ထားသော စက်ရုံ၊ အလုပ်ရုံ များကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအနေဖြင့် လုပ်ငန်းခွင်ပြန်လည် လည်ပတ်ပြီး လူမှုစီးပွားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လိုလားလျက်ရှိကာ အလုပ်သမား၊ ဝန်ထမ်းများအနေဖြင့်လည်း အလုပ်အကိုင်မပျက် ဆက်လက်လုပ်ကိုင်ကြရန် ဆန္ဒရှိနေကြသည်။ ထို့ကြောင့် လုပ်ငန်းဖွင့်လှစ်ရန်၊ အလုပ်ခွင်သို့လာရောက်ရန် ပြင်ဆင်နေကြသည်။ သို့သော်ဤအလုပ်ဆန္ဒများကို အလျင်စလိုဦးစားပေးမိပါက လူအချင်းချင်း ထိတွေ့ခြင်းမှ ဖြစ်ပေါ်လာနိုင်သော ရောဂါကူးစက်မှုအန္တရာယ်များ ကျရောက်လာနိုင်သဖြင့် ၁၀ ရက်တာကာလ ဘေးကင်းလုံခြုံရေးစစ်ဆေးမှုများကို ခံယူမှုပြီးမှသာ လုပ်ငန်းခွင်များ၌ စိတ်ချလက်ချ လည်ပတ်လုပ်ကိုင်ကြရန် လိုအပ်ပါသည်။

 

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဘေးကို အပူတပြင်း ကာကွယ်တိုက်ဖျက်နေသောကာလတွင် လူမှုစီးပွားအခက်အခဲများ ရှိမည်ဖြစ်သော်လည်း ယင်းအခက်အခဲများကို ညီညီညွတ်ညွတ် လက်တွဲပူးပေါင်း၍ သည်းခံ လိုက်နာဆောင်ရွက်ကြမည်ဆိုပါက ကြုံတွေ့နေရသော ဘုံအန္တရာယ်ဘေးမှ မနှေးအမြန် လွတ်မြောက်နိုင်မည်ကို သိရှိနားလည်ထားရမည် ဖြစ်သည်။ လက်ရှိအခြေအနေတွင် ပြည်တွင်းမှ အားနည်းချက်များ၊ နိုင်ငံတကာမှ ရောဂါထိန်းချုပ်နိုင်ခြင်း၊ မထိန်းချုပ်နိုင်ခြင်း၊ ရောဂါပျောက်ကင်းခြင်း။ မပျောက်ကင်းခြင်းတို့၏ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည်။

 

အဓိကမှာ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အနီးကပ်ဆက်ဆံခြင်း၊ နှာခေါင်းစည်းမတပ်ခြင်း၊ လက်မဆေးခြင်းတို့ကြောင့် ရောဂါကူးစက်နှုန်းမြင့်တက်နေသည်ကို သတိပြုရမည် ဖြစ်သည်။ လူအများနှင့် ထိတွေ့ဆက်ဆံရာတွင် ရောဂါရှိသူသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိနိုင်သဖြင့် ကြိုတင်ကာကွယ်၊ ကြိုတင်လိုက်နာဆောင်ရွက်ခြင်းသည်သာ စိတ်အချရဆုံးဖြစ်၍ သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များ၊ လိုက်နာဆောင်ရွက်ရန် အချက်များကို အလေးအနက်ထား၍ တိတိကျကျဆောင်ရွက်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကာလတစ်ခုအထိ ဖြတ်ကျော်ဆောင်ရွက်နေပြီဖြစ်သည်။ ထိုကာလအတွင်း လူတစ်ရာကျော် ရောဂါကူးစက်ခြင်းခံခဲ့ရပြီး ငါးဦးသေဆုံး၍ လူနာခြောက်ဦး သက်သာကာ ဆေးရုံဆင်းခွင့်ရခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ အခြေအနေ တစ်ခုမှ ပိုမိုတိုးတက်ကောင်းမွန်လာအောင်၊ ရောဂါဘေးမှ အပြီးတိုင် ကျော်လွှားနိုင်အောင် ထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်များအား တက်ညီလက်ညီ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ