ရွှေဘို ၂၁ ဧပြီ
သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရမှ ရွှေဘိုလူငယ်ဖွံ့ဖြိုးရေးစခန်းအတွက် အခြေခံ စားသောက်ကုန် (၅) မျိုးကို ဧပြီ ၁၉ ရက် မွန်းလွဲ ၂ နာရီက လှူဒါန်းကုသိုလ်ပြုခဲ့ကြောင်း လူငယ်ဖွံ့ဖြိုးရေးစခန်းကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်း (TWS) ထံမှ သိရသည်။
အဆိုပါ စားသောက်ကုန် (၅) မျိုးအား ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်း၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်နှင့်အဖွဲ့မှ ဆရာတော်ကြီးကိုယ်စား လာရောက်လှူဒါန်းရာ လူငယ်ဖွံ့ဖြိုးရေးစခန်းကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်း (TWS) နှင့် လူငယ်ဖွံ့ဖြိုးရေးစခန်း ကျောင်းအုပ်ကြီး ဒေါက်တာဦးသန်းထွန်းတို့က လက်ခံယူခဲ့သည်။
ရွှေဘိုလူငယ်ဖွံ့ဖြိုးရေးစခန်းအတွက် ဆရာတော်ဘုရားကြီး လှူဒါန်းကုသိုလ်ပြုသော စားသောက်ကုန် (၅) မျိုးမှာ ဆန် (၅၅ )တင်း၊ ဆီ (၅၅) ပိဿာ၊ ကြက်သွန်နီ (၅၅) ပိဿာ၊ ပဲ (၁၆၅ ) ပြီ၊ ဆား (၂၈) ပိဿာ တို့ဖြစ်ကြောင်း သိရသည်။
ဆရာတော်ဘုရားကြီးမှ ရွှေဘိုလူငယ်ဖွံ့ဖြိုးရေးစခန်းအပါအဝင် ရွှေဘိုမြို့နယ်အတွင်းရှိ မေတ္တာရိပ် အမျိုးသမီး စောင့်ရှောက်ရေးဂေဟာ၊ သီရိမင်္ဂလာဘိုးဘွားရိပ်သာနှင့် ရွှေဘိုမြို့ အမှတ် (၄) ရပ်ကွက်၊ ဒိုင်အိုကျောင်းဝန်းအတွင်းရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတဂေဟာတို့တွင်လည်း လှူဒါန်းကုသိုလ်ပြုခဲ့ကြောင်း သိရသည်။
မိုးသောက် (ရွှေဘို)