မင်းဘူး ၂၁ ဧပြီ
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာနှစ်၌ ကျေးရွာ ၁၃ ရွာတွင် မြစိမ်းရောင်စီမံကိန်း (၁၂) ယူနစ်အား ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
မင်းဘူးခရိုင် အတွင်းတွင် ကျေးရွာပေါင်း ၉၆၃ ရွာရှိပြီး ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ဆင်းရဲမှု နှုန်း လျှော့ချနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထိ ကျေးရွာပေါင်း ၁၅၅ ရွာတွင် မြစိမ်းရောင် စီမံကိန်း (၁၅၁)ယူနစ်အား အကောင်အထည်ဖော်ခဲ့ကာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာ ၁၃ ရွာ၌ မြစိမ်းရောင် စီမံကိန်း (၁၂)ယူနစ်ကို ထပ်တိုးဆောင်ရွက်လျက်ရှိသည်။
မြစိမ်းရောင် စီမံကိန်း တစ်ယူနစ်လျှင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သန်း(၃၀)ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မတည်ပေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်သွယ်ရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ချေးငွေရယူ ဆောင်ရွက် နိုင်ကာ အတိုးနှုန်း ပြား ၅၀ မှ တစ်ကျပ်ခွဲ ကြားကို ထည့်ဝင်၍ စီမံကိန်း သက်တမ်း (၃)နှစ်ပြည့် သည့်အခါ အတိုးရငွေ သိန်း(၁၀ဝ)ကျော်၏ ၅၀ ရာခိုင်နှုန်းအား ကျေးရွာ၏ လိုအပ်ချက်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်း သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ မင်းဘူးခရိုင်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာပေါင်း ၁၆၈ ရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ၉၉၀၃ ဦး၊ မွေးမြူရေး လုပ်ကိုင်သူ ၉၃၂၉ ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၂၂၅ ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ၁၅ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၀၇၉ ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၃၀၅ ဦး စုစုပေါင်း ၂၀၈၆၆ ဦးအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၆၄၇၇ ဒသမ ၆၉ သန်းကျော်အား ထုတ်ချေးထားကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)