မန္တလေး ၂၁ ဧပြီ
မန္တလေးမြို့ရှိ အငြိမ်းစားဝန်ထမ်းများအတွက် မြန်မာ့စီးပွားရေးဘဏ် (၁) (မန္တလေး)မှ ထုတ်ပေး လျက်ရှိသည့် ပင်စင်လစာငွေများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ယနေ့ ဧပြီ ၂၁ ရက်မှစ၍ ၂၉ ရက်အထိ (ရုံးပိတ်ရက်များမပါ) အောင်မြေသာစံမြို့နယ် ၂၄ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် နေ့စဉ် နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြောင်းရွှေ့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာ့စီးပွားရေးဘဏ်(၁)တွင် မန္တလေးမြို့မှ လစဉ်ပင်စင်ထုတ်ယူသူ ဦးရေမှာ သုံးသောင်းကျော် ရှိပြီး ပင်စင်လစာ ထုတ်ပေးသည့် ပထမဆုံးနေ့တွင် လူဦးရေ နှစ်ထောင်ကျော် လာရောက် ထုတ်ယူလေ့ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ယခုလိုကာလတွင် အသက်အရွယ်ကြီးရင့်သည့် အငြိမ်းစား ဝန်ထမ်းများ အနေဖြင့် လူစုလူဝေး ဖြစ်ပေါ်မှုကြောင့် ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန်နှင့် အပူဒဏ်ခံစားရမှု သက်သာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပညာရေးဌာနှင့် ပူးပေါင်းကာ အထက(၁) ကျောင်းအတွင်း၌ ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ငွေထုတ်ကောင်တာ ၃ ခုဖြင့် ပင်စင်လစာများအား ထုတ်ပေးခြင်း ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်(၁) (မန္တလေး)မှ မန်နေဂျာ ဦးမျိုးထက်အောင်က ပြောသည်။

‘ပင်စင်လစာထုတ်ယူဖို့လာရောက်ကြသူတွေကို ကျောင်းဝင်းအတွင်း မဝင်ခင်မှာ အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်းနဲ့ Mask တပ်ဆင်ခြင်းတွေကို ဆောင်ရွက်ပြီးမှ တစ်ဦးချင်း ဝင်ခွင့်ပြုမှာဖြစ်သလို ကျောင်းဝင်းအတွင်းမှာလည်း ထိုင်ခုံတွေကို ၆ ပေ အကွာအဝေးမှာ ထားပြီး စီစဉ် ပေးထားပါတယ်။ အခုအချိန်က ရာသီဥတုကလည်း ပူပြင်းတဲ့အတွက် အသက်အရွယ်ကြီးရင့်တဲ့ ပင်စင်စားတွေအတွက် သီးစုံဓာတ်ဆား၊ ဖျော်ရည်တွေကို တစ်ခါသုံးခွက်နဲ့ တစ်နေ့ကုန်တိုက်သွားမယ့်အပြင် အလှူရှင်တွေ လာရောက်လှူဒါန်းထားတဲ့ ရေသန့်ဗူးတွေလည်း အဆင်သင့်ထားရှိပေးထားပါတယ်။ ပင်စင်လစာ ငွေကိုလည်း ကွန်ပျူတာစက် ၄ လုံးနဲ့ ဝန်ထမ်းအင်အား ၂၀ က အကာအကွယ် အပြည်အစုံ ဝတ်ဆင်ပြီး တစ်ပြိုင်တည်း ထုတ်ပေးလျက်ရှိပါတယ်။ ပင်စင်လစာ ထုတ်ပေးပြီးသွားရင်လည်း ကျောင်းဝင်း တစ်ခုလုံးနဲ့ ထိုင်ခုံတွေအားလုံးကို နေ့စဉ်ပိုးသတ်ဆေးဖြန်း ပေးသွားမှာပါ’ ဟု ၎င်းက ပြောသည်။
ထို့ပြင် အောင်မြေသာစံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမောင်မောင်ဝင်းကလည်း ယခုလို ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလမှာ ပင်စင်လစာအတွက် ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် သက်သောင့်သက်သာ ထုတ်ယူနိုင်စေရန်အတွက် အထက(၁) ကျောင်း၌ စီစဉ်ပေးခြင်းဖြစ်ပြီး ပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း Home Stay နေထိုင်ကြရန်နှင့် မဖြစ်မနေ အပြင်ထွက်ရန် အကြောင်းကိစ္စပေါ်ပေါက်ပါကလည်း Mask တပ်ဆင်ကြရန် အကြံပြုတိုက်တွန်းပြောကြားခဲ့သည်။

ယခုကဲ့သို့ အထက(၁) ကျောင်း၌ ပင်စင်လစာများ ပြောင်းရွှေ့ထုတ်ပေးရာတွင် လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်(၁) ဝန်ထမ်းများနှင့်အတူ သက်ဆိုင်ရာ မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် နန်းရှေ့လူမှုကူညီရေးအသင်းများမှ ပူးပေါင်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)